စစ်တပ်ဖမ်းသွားပြီး အလောင်းပြန်တွေ့သည့် ဒုက္ခသည် ၂ ဦးအတွက် လူသေမှုဖြင့် အမှုဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၁ ရက်၊၂၀၁၈ ခုနှစ်။

အသတ်ခံရသည့် စစ်ရှောင်စခန်းမှ ဒုက္ခသည် ၂ ဦးအတွက် မိသားစုဝင်များက မတ်လ ၉ ရက်နေ့ ယမန်နေ့တွင် အမှုကို ပြောင်းလဲ ဖွင့်လှစ်ထားလိုက်သည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ စစ်ရှောင်စခန်းက အသတ်ခံရသူ ၂ ဦးနှင့် ပတ်သက်၍ ယခင်က လူပျောက်မှုဖြင့် ဖွင့်လှစ်ထားရာမှ မိသားစုဝင်များက လူသေမှုဖြင့် အမှုဖွင့်လိုက်ပြီး မတ်လ ၁၀ ရက် (ယနေ့) တွင် ထွက်ဆိုချက်ပေးရန် မံစီရဲစခန်းက ဆင့်ခေါ်ထားသည်ဟု ဒေသခံများက ပြောသည်။

ဖွင့်တာကတော့ မနေ့ကတည်းကဖွင့်တာ ဒါပေမယ့် ဒီနေ့ကတော့ ထွက်ဆိုချက်တွေ ပေးရမှာပေါ့ ဘယ်လိုဖြစ်တယ် ဘာဖြစ်တယ် ညာဖြစ်တယ် စသဖြင့်ပေါ့။ ဒီနေ့ကစပြီး တရားလိုဖက်က အမှုကို တင်တာတို့ ဒီနေ့လုပ်နေကြတယ်။ မံစီမှာ မိသားစုကနေ သူတို့ အမှုဖွင့်မယ် အဲလို ဒီနေ့သူတို့ အားလုံးခေါ်ပြီးမှ မံစီမှာ လုပ်နေကြတယ်။ လောလောဆယ် ရဲစခန်းကပဲ။ စစ်ချက်ပေါ့နော ဘယ်လိုဖြစ် သွားသလဲ အဲဒါ ဒီနေ့ အဲမှာ လုပ်ဖို့ဆိုပြီး တော့ အဲမှာခေါ်ထားတယ်” ဟု မိုင်းခေါင်ကျေးရွာ အုပ်ချုပ် ရေးမှူးဟောင်း ဦးပီတာဘောက်နော်က ပြောသည်။

အမည်မဖော်လိုသူ မိုင်းခေါင်ဒေသခံတစ်ဦးကလည်း “သူတို့က အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်ထားတယ်။ အမှုဖွင့်ထားတာက အစက သူတို့ လူပျောက်တိုင်ထားတာပေါ့။ အခုပြန်တွေ့ပြီဆိုတော့ အမှုဖက်ရောက်သွားပြီပေါ့” ဟုပြောသည်။

အသတ်ခံလိုက်ရသည် ကချင်ဒုက္ခသည် ၂ ဦးမှာ ကချင်ပြည်နယ် မံစီမြို့နယ်ရှိ မိုင်းခေါင်စစ်ရှောင်စခန်း မှ ဦးဖော်ဂန်းယော် (၆၅) နှစ် နှင့် ဦးအင်ခွမ်နော်ဆန်း(၃၅) နှစ်တို့ ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက မိုင်းခေါင်ကျေးရွာနှင့် ခပ်ပရာယန် ကျေးရွာကိုသွားသည့် လမ်းမ ကြီးပေါ်တွင် ကျွဲကျောင်းသွားရင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးထားခဲ့ကြောင်း မျက်မြင်သက်သေများရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မျက်မြင်သက်သေ နှစ်ယောက်ရှိတယ်။ သူတို့ကို တွေ့တုန်းကတော့ သူတို့ကို ဒီနှစ်ယောက်ကို သိလားပေါ့နော်။ သူတို့ နှစ်ယောက်ကလည်း သိတယ်လို့ပြောတယ်။ ဘယ်ကလဲဆို မိုင်းခေါင်ကလို့ ပြောတယ် အဲလိုသူတို့ကို စစ်သားက မေးတယ်ပေါ့နော်”

ထို့နောက် မိသားစုဝင်များက မန်စီမြို့နယ် ရဲစခန်းတွင် လူပျောက်တိုင်ကြားထားခဲ့သည်။

အဆိုပါလူပျောက်မှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ထံ အမှုစစ်ဆေးပေးရန် အသနားခံစာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပေးပို့ခဲ့သည်ဟု ပြောသည်။

သို့သော် တစ်စုံတစ်ရာ ထူးခြားမလာသည့်အတွက် ဒေသခံများက ဆက်လက်ရှာဖွေရာ မတ်လ ၈ ရက်နေ့က ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်ကတော့ ဟုတ်တယ် ဒါပေမယ့် ဘယ်တပ်ကဆိုတာ မသိဘူးပေါ့ အမှုမှန်ပေါ်ပေါက် စေချင်တယ် သူတို့မိသားစုဝင်တွေက”

ရုပ်အလောင်းကို မတ်လ ၉ ရက်နေ့ ယမန်နေ့က အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိုင်းခေါင်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများ၊ သေဆုံးသူများ၏ မိသားစုဝင်များက သွားရောက်တူးဖော်ခဲ့သည်။

ထို့နောက် မှုခင်းဆေးဆရာဝန်မှ သေချာစစ်ဆေးပြီးနောက် ၎င်းနေရာတွင်ပင် သဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် မံစီမြို့နယ် ရဲစခန်းသို့ ဆက်သွယ်သော်လည်း မရပေ။

မိသားစုဝင်များနှင့် မိုင်းခေါင်ဒေသခံများက အမှုမှန်ပေါ်ပေါက်ရန် လိုလားကြောင်း၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးပါရန်လိုသည်ဟု ပြောသည်။