လက်ဖက်ခြံအတွင်း လက်နက်ကြိးကျ၊ ၂ ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။

နမ့်ခမ်းမြို့နယ် ပလောင်ဒေသ လက်ဖက်ခြံအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းက မန်စပ်ကျေးရွာအနီးရှိ လက်ဖက်ခြံထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောသည်။

“မနေ့က မနက် ၁၀ နာရီခွဲလောက်ပေါ့နော်။ ကျွန်တော်တို့ မိုင်းဝီးသွားတဲ့လမ်းဘက်ပေါ့နော်၊ မန်စပ်ရွာဆိုတာရှိတယ်။ မန်စပ်ရွာအောက်နားမှာ လက်နက်ကြီး သုံးလုံးကျတယ်။ ပထမအလုံးကတော့ ဘယ်သူ့မှ မထိဘူး။ ဒုတိယအလုံးကျတော့ လက်ဖက်ခြံရှင်းနေတဲ့ လင်မယားနှစ်ယောက်ကိုထိတယ်။”

လက်ရှိတွင် ဒဏ်ရာရရှိသူများသည် နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး ဦးမြင့်ကျော်က ယခုလို ဆက်ပြောသည်။

“သူ့အမျိုးသားတော့ ပုခုံးမှာထိတာပေါ့နော်။ ဘယ်ဘက်ပုခုံးမှာထိပြီးတော့ ကျည်ဆံစတော့ အသားထဲမှာဝင်သွားတာပေါ့။ သူ့အမျိုးသမီးကျတော့ ချိုင်းအောက် နံရိုးမှာ ဘယ်ဘက်မှာပေါ့ အဲ့မှာဖောက်ဝင်တဲ့ ဒဏ်ရာတစ်ချက်ရယ်ပေါ့။ အခုတော့ နမ့်ခမ်းဆေးရုံမှာပေါ့။”

လက်ဖက်ခြံထဲသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပစ်ခတ်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရဟု တအာင်းစာပေယဉ် ကျေးမှု ဥက္ကဋ္ဌ က ပြောသည်။

“အမှန်ကတော့ လက်နက်ကြီးတွေကိုတော့ လျှောက်မပစ်သင့်ဘူးပေါ့နော် တိုက်ပွဲမဖြစ်ရင်။ အဲ့လိုပစ်တော့ ဟိုအပြစ်မရှိတဲ့ ရွာသူရွာသားတွေကို ထိတာပေါ့နော်။ မကောင်းဘူးပေါ့ဗျာ” ဟု ဦးမြင့်ကျော်က ပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ယခုကျရောက် ပေါက်ကွဲသည့် လက်နက်ကြီးကျည်သည် အစိုးရတပ်မတော်က ပစ်ခတ်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။

“အဲ့လိုမျိုး မကြာခဏကြုံရတယ်။ အထူးသဖြင့်တော့ နမ့်ခမ်း၊ နမ့်စန်၊ ကွတ်ခိုင်၊ မန်တုံ ဒေသတွေမှာ တောက်လျှောက်ပဲ တိုက်ပွဲမဖြစ်ပဲနဲ့ ရွာတွေထဲပစ်တာ၊ ရွာသူရွာသားတွေလည်း မကြာခဏ ထိခိုက်တာတွေရှိတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ တအာင်းလူထုတစ်ခုလုံးကို ဦးတည်ပြီးမှ တိုက်ခိုက်နေတယ်။ TNLA တပ်ဖွဲ့တင်မကပဲနဲ့ လူထုကိုပါတိုက်ခိုက်နေတာ။” ဟု တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း မတ်လ ၈ ရက်နေ့ ယမန်နေ့က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် အစိုးရ တပ်မတော်တို့အကြား နမ္မတူမြို့နယ်အတွင်းရှိ ပန်လော့ကျေးရွာနဲ့ နားဆိုင်းကျေးရွာကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှု ရှိနေသည့်အပြင် လက်နက်ကြီးကျည်များမှာလည်း ကျေးရွာများအတွင်းသို့ မကြာခဏ ကျရောက် ပေါက်ကွဲမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဒေသခံများလည်းရှိသည်။