အထက်ရဲရွာ ရေကာတာ ဒေသခံများ သဘောမတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်
အထက်ရဲရွာ ရေကာတာစီမံကိန်း ကျေးရွာပြောင်းရွှေ့ရေး ဆွေးနွေးပွဲအား ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်တွင် လုပ်ဆောင်မည့် စီမံကိန်းအတွက် ကျေးရွာပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ မြန်မာ့ပတ်ဝန်းကျင်သိပ္ဗံ (Myanmar Environment Institute) က ဦးဆောင်ပြီး ညှိုနှိုင်းဆွေးနွေးခြင်း အစီအစဉ်ကို သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာသူရွာသားများမှ ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်သည်ဟု ဒေသခံ နန်းလောဝ်ခမ်းက ယခုလိုပြောသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျေးရွာပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးပွဲဆိုပြီး ဖိတ်စာထဲမှာပါတယ်။ သီပေါမြို့ မှာလာလုပ်တာ။ တာလုံရွာက နှစ်ရွာပါတာ။ ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့။ ကျွန်မတို့က ကျေးရွာမပြောင်းရွှေ့ချင်တဲ့အတွက် ကန့်ကွက်ရတာပါ။ အထက်ရဲရွာရေ ကာတာ ဆောက်မယ် ဆိုရင် ကျွန်မတို့ရဲ့ ရွာလည်း ပြောင်းရွှေ့ရမယ်လေ။”
ဒေသခံများအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်ပြီး ဖယ်ရှားခိုင်းနေခြင်းဖြစ်ပြီး တာလုံရွာသားများမှ ဖယ်ရှားပေးဖို့ မဖြစ်နိုင်တာကြောင့် ယနေ့ချိန်ထိ ဆက်လက်ကန့်ကွက်နေရခြင်းဖြစ်သည်ဟု တာလုံရွာဒေသခံ ဦးစိုင်းထမ်အိုက် က ပြောသည်။
“ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ဟာက နှစ်ရှည်ပင်တွေဖြစ်တယ် အခုဆိုရင် အသက်မွေးဝမ်းကျောင်းက အားလုံးအရမ်းအဆင်ပြေတယ်။ ဒီရေကာတာကြီး ပြီးသွားရင် အကုန်လုံးရေအောက်ရောက်ပြီး ပျက်စီးကုန်မှာ၊ လုပ်ကိုင်စားသောက်လို့ အဆင်ပြေတာ၊ စိုက်ပျိုးမြေကောင်းတာက မြစ်ကမ်းဘေးမှာလေ။ ကျွန်တော်တို့က နစ်နာကြေးပေးဖို့တို့ အစားထိုးပေးဖို့တို့ တစ်ခါမှကိုမတောင်းတာ။ စီမံကိန်းရပ်ဖို့ပဲပြောတာ။ ကျနော်တို့ မပြောင်းချင်ဘူးဆိုတာပဲ တောက်လျှောက်ပြောနေတာပါ။”
MEI မှ ဦးဆောင်ကျင်းပသည့် တာလုံရွာပြောင်းရွှေ့ရေး ညှိနှိုင်းဆွေးနွေးအစည်းအဝေးကို မတ်လ ၈ ရက်နေ့က သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် MEI က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“တာလုံရွာသား အယောက် (၂၀) လာခဲ့ဆိုပြီး သူတို့ကခေါ်တာ။ ကျွန်တော်တို့က မသွားတော့တာ။ စီမံကိန်းကတော့ ၂၀၀၈ ကတည်းကလေ။ ကျွန်တောတို့က ၂၀၁၄ ကတည်းက ကန့်ကွက်ခဲ့တာ အခုထိပဲ။ ဘာမှလည်း ပွင့်ပွင့်လင်းလင်းမပြောပြဘူး။ လာပြီးပဲညှိတယ်။ ဒီဘက်ကပြောတာကိုတော့ နားထောင်မပေးဘူး။ အခုက အဲ့ဒီစီမံကိန်းလုပ်ဖြစ်တာနဲ့ အားလုံးရေထဲရောက်နိုင်လို့ စိုးရိမ်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေကာတာဆောက်လုပ်မည်ဆိုပါက တာလုံကျေးရွာရှိ အိမ်ခြေ (၆၅၃) အိမ်၊ သီးနှံစိုက်ခင်း ဧက (၆၃၇) ဧက၊ လယ်ယာမြေဧက (၁၄၀)နှင့် တောင်ယာများ ရေအောက်ရောက်သွားမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိသည်။
လုပ်ငန်းစတင်စဉ်ကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူးဟု နန်းလောဝ်ခမ်းက ပြောသည်။
“စီမံကိန်းကတော့ဆက် လုပ်နေတာ။ ၂၀၀၈ ကတည်းကပေါ့၊ ၂၀၁၄ မှာ ရေလွှဲဆည်ပြီးသွားတာ။ အဲ့ချိန်မှ ကျွန်မတို့က သိတာ။ ဘာပွင့်လင်းမြင်သာမှုမှ မရှိခဲ့ဘူး။ ကျွန်မတို့က ဆက်တိုက်ကန့်ကွက် နေတဲ့ကြားထဲက သူတို့က လာပြီးရုံးခေါ်ပြီးဆွေးနွေးနေတာ။ ကျွန်မတို့ပြောတာကို လုံးဝနားမထောင်ပေးဘူး” ဟု ပြောသည်။
အထက်ရဲရွာ ရေကာတာစီမံကိန်းမှာ ကျောက်မဲမြို့နယ်ထဲတွင်ရှိပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ပြောင်းရွှေ့ရမည်ဟု ဒေသခံများက ပြောသည်။
နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ(၄)ခုအနက် တစ်ခုဖြစ်သည်။
အထက်ရဲရွာစီမံကိန်းမှ မီဂါဝပ် ၂၈၀ ထွက်ရှိမှာဖြစ်ပြီး လာမည့် ၂၀၂၀ တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်။
နမ္မတူမြစ်ပေါ်တွင် ရေကာတာစီမံကိန်း လေးခုရှိပြီး တရုတ်၊ ဆွီဇလန်၊ ဂျာမဏီနှင့် ဂျပန်ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်နေခြင်းခြစ်သည်။