RCSS နှင့် ထပ်မံတွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေဟု TNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋ္ဋိပက္ခများကို ဖြေလျော့ရန်အတွက် RCSS/SSA နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု PSLF/TNLA က ပြောသည်။

“ဒီတိုက်ပွဲပြန်ဖြစ်နေတဲ့ဟာကို ပြောမယ်ဆိုရင်တော့ ဒီတိုင်းရင်းသား အချင်းချင်းကြားမှာလဲဖြစ်တယ်။ ကျနော်တို့အဖွဲ့လည်း တိုက်ပွဲလိုလားတဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ ဒါကမှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးမှုမှာတော့ ကျနော်တို့က ကြိုးစားမယ် တွေ့ဆုံဆွေးနွေးမှုကိုတော့ ကျနော်တို့က အမြဲတမ်းလက်ခံတယ်။ တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ဖက်ကလည်း အဆင်သင့်ရှိတယ်။ ဒီ RCSS ဖက်က လက်ခံပြီး တွေ့ဆုံမယ်ဆိုရင်တော့ ကျနော်တို့က အဆင်သင့်ရှိနေတယ်” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် တောင်ပိုင်း SSA တာဝန်ရှိသူများထံသို့ စာပို့ထားသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။

“ဒီလ ပထမအပတ်ထဲမှာ ကျနော်တို့ဆီမှာ ဆက်ပြီးမှ စာပို့တယ်။ စာပို့ပြီးမှ တွေ့ဆုံဆွေးနွေးဖို့ မူလက ကျနော်တို့ သဘောတူညီထားတဲ့အတိုင်း တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ကျနော်တို့မှာ အဆင့်သင့်ရှိပြီ ဆက်ပြီးမှ တွေ့ဆုံ ဆွေးနွေးဖို့လိုတဲ့အကြောင်း ကျနော်တို့ပြန်ပြီး သူတို့ကို အကြောင်းပြန်တယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်လည်း ကျနော်တို့ဖက်က အမြဲတမ်းအဆင်သင့်ရှိနေပြီ။ ဒီနေ့အထိတော့ ဘာမှအကြောင်းပြန်တာတော့ မရှိဘူး။ တွေ့ဆုံဆွေးနွးမှုကိစ္စကတော့ လုံးဝပြတ်သွားတာတော့ မရှိသေးဘူး။ စောစောပြောသလို သူတို့ဖက်ကတော့ အကြောင်းမပြန်သေးဘူး။”

တွေ့ဆုံဆွေးနွေးရာတွင်လည်း ယခင်တွေ့ဆုံမှုများကဲ့သို့ မဖြစ်စေလိုကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများမှ ဆွေးနွေးပွဲရလဒ်အတွက် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါရှိရန်လိုသည့်အပြင် ဆွေးနွေးကြမည့် နည်းလမ်းများကို ပြင်ဆင်ထားရန် လိုအပ်သည်ဟု TNLA က ပြောသည်။

၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲနှင့် နမ္မတူ စသည့် မြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အထိဖြစ်သည်ဟု  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေအပြင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရန် RCSS ကို ဆက်သွယ်သော်လည်း မရသေးပေ။

သို့သော် RCSS/SSA နှင့် TNLA တို့အကြား လာမည့် ဧပြီလထဲတွင် တွေ့ဆုံရန် လျာထားသည်ဟု RCSS/SSA မှ သတင်းမီဒီယာများအား ယခုရက်ပိုင်းအတွင်း ပြောဆိုထားသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့် နေရာသည့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက TNLA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် SSA က ဝင်ရောက်နေရာယူထားသည့် နေရာဖြစ်သည်ဟု TNLA ကပြောသည်။

“ပြောမယ်ဆိုရင်တော့ ဒေသခံတွေက မြို့သွားပြီးရင် ပြန်လာလို့ရှိရင်တော့ ပါလာတဲ့ ဆပ်ပြာတစ်ထောင့်ဝယ်ရင်လည်း သူတို့ စာရင်းတင်ရတယ်။ ဆီတစ်ပုလင်းဝယ်ရင်လည်း သူတို့စာရင်းတင်ရတယ်။ ကျနော်တို့ဒေသမှာ တအာင်းလူထုတွေကို ဖြတ်လေးဖြတ်ပုံစံနဲ့ နှိပ်စက်နေတယ်။ ကန့်သတ်ချုပ်ချယ်နေတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ပြန်လည်ပြီးမှ လူထုအကျိုးစီးပွားအတွက်ကို ကျနော်တို့က ရှင်းလင်းတာဖြစ်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

SSA အနေဖြင့် ၎င်းတို့ တပ်တည်ရှိရာ ဒေသများသို့ ပြန်လည်ဆုတ်ခွာ သွားမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားတော့မည် မဟုတ်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများမှာ နီးစပ်ရာမြို့များသို့ စစ်ဘေးရှောင်နေရသည့်အပြင် တိုက်ပွဲကြား ပိတ်မိနေသူများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်များကို သွားရောက်ကယ်ထုတ်သူများက ပြောသည်။

တိုက်ပွဲများကြောင့် လူအခွင့်အရေး ချိုးဖောက်ခံနေရမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း TNLA နှင့် RCSS တို့ ပထမအကြိမ် တွေ့ဆုံချိန်က နှစ်ဖက်ကိုယ်စားလှယ်များက စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိပဲ ဆက်လက် တွေ့ဆုံဆွေးနွေးသွားကြရန် သဘောတူထားခဲ့ကြသည်။