NCA ထိုးသည့် လားဟူအဖွဲ့ ၂၁ ရာစုပင်လုံအတွက် ရွေးချယ်ရခက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။
တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးမည့် ကဏ္ဍကြီး ၅ ရပ်အတွက် ကိုယ်စားပြု ပါဝင်ဆွေးနွေးရမည့် အဖွဲ့ကို ဆုံးဖြတ်ချက်ချရာတွင် ခက်ခဲနေသည်ဟု မကြာသေးမီက NCA လက်မှတ်ရေးထိုးခဲ့သော လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU က ပြောသည်။
“လောလောဆယ်တော့ ကျနော်တို့ ဒီနိုင်ငံရေးကဏ္ဍမှာ ပါဝင်ဆွေးနွေးဖို့ လုံခြုံရေး ကဏ္ဍမှာ ပါဝင်ဆွေးနွေးဖို့ လူမှုရေး စီးပွားရေး သဘာ၀ နဲ့ မြေယာထိန်းသိမ်းကဏ္ဍမှာ ပါဝင်ဆွေးနွေးဖို့က ကျနော်တို့က ဒီ PPST ထဲ ပါပြီးမှ ဆွေနွေးသွားမှာလား၊ မဟုတ်လည်း UPWC နဲ့ ပါပြီးမှ ဆွေးနွေးသွားမှာလား ဒါလည်း ကျနော်တို့ အခုထက်ထိ နည်းနည်းလေး ခက်ခဲနေတယ်။ ဆုံးဖြတ်ချက်သိပ်ချမရဘူးဖြစ်နေတယ်” ဟု ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST သည် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန်အတွက် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အစိုးရဖက်မှ ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့က မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ၃ ရက်ကြာ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး လူထုအား ရှင်းလင်းပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့တို့မှ တစ်ဖွဲ့ဖွဲ့ကနေ ပါဝင်ပြီး ဆွေးနွေးရမည်ဖြစ်ပြီး မည်သည့်အဖွဲ့တွင် ပါဝင်ရမည်ကို ဆုံးဖြတ်ချက် ချမရပဲ ဖြစ်နေသည်ဟု ပြောသည်။
အစည်းအဝေးတွင် လားဟူဒီမိုကရက်တစ်အစည်းအရုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်လာမှုများနှင့် NCA ဖြစ်စဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြီး NCA လက်မှတ်ရေးထိုးရခြင်းအကြောင်း အရင်းတို့ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
“အဓိကတော့ ကျနော်တို့ လားဟူတွေက အရင်တုန်းကတော့ သမိုင်းကြောင်း ရှိခဲ့တာကိုနော်။ တော်လှန်ရေး လုပ်ခဲ့တယ်၊ လက်နက်ကိုင် အဖွဲ့အစည်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလို တိတိကျကျ သမိုင်းဝင်ရဲ့ NCA စာချူပ်လို သမိုင်းဝင် စာချူပ်ကြီးမှာ ပါဝင်ခဲ့တာ အရင်တုန်းကတော့ မရှိခဲ့ဘူး၊ အခုမှ အဲ့ဒီစာချူပ်မှာ ကျနော်တို့ သမိုင်းကြောင်းအရ လားဟူလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်ပါတယ်ဆိုတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ လူမျိုးတစ်မျိုးဖြစ်ဖို့ ဒါကျနော်တို့ သက်သေအနေနဲ့ သူတို့ကိုရှင်းပြဖို့ နားလည်အောင် သူတို့လည်း တချို့လည်း နားလည်အောင် ရှင်းပြရတယ်။ တချို့တော့ သူတို့ ပြန်မေးတာလည်း ရှိပါတယ်” ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးခဲ့သည့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ခေါင်းဆောင်များ နှင့်အတူ လားဟူ အမျိုးသမီးအဖွဲ့အစည်းများ၊ လားဟူနိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ လားဟူစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀ ကျော်တက်ရောက်ခဲ့သည်။
လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ်ကို မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့ နှင့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင် လက်မှတ် ရေးထိုးခဲ့သော တိုင်းရင်းသားအဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။