ကချင်နှင့် ရှမ်းမြောက် တိုက်ပွဲများ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၁ နယ်မြေ တွင် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“အစဖြစ်တာကတော့ မတ်လ ၃၀၊ ၃၁ ရက်နေ့ကနေ ထိုးဝင်လာလို့ ကြိုကြားကြိုကြားတွေ တိုက်ပွဲတွေဖြစ်တာပေါ့။ ဒါပေမယ့် ဒီ ၂ ရက် ၃ ရက် အတောအတွင်းမှာတော့ ဆက်တိုက်လို နေ့တိုင်းလို တိုက်ပွဲတွေ ပြန်ဖြစ်တယ် ဒီမနက်အစောပိုင်းက ဖြစ်တာနောက်ဆုံးဖြစ်ပါတယ်။ ဆိုတော့ နေ့လည်ပိုင်း သတင်းတွေကတော့ ဘာမှမကြားရသေးဘူး။”
တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာရခြင်းနှင့် ပတ်သက်ပြီး KIO/KIA က ယခုလိုပြောသည်။
“တိုက်ပွဲကတော့ ဒီဗန်းမော်၊ မန်စီမြို့နယ် ဖက်မှာပေါ့ ကေအိုင်အေရဲ့ တပ်မဟာ ၃ လက် အောက်ခံ တပ်ရင်း ၁ နယ်မြေဖက်မှာ တိုက်ပွဲတွေ ဖြစ်ပါတယ်။ မန်စီအရှေ့ဖက်မှာ ဗန်းမော်အရှေ့ဖက်မှာကျပါတယ်။ ဒီ လဂျောင် တို့ ဆိုတဲ့နေရာမှာပေါ့ တပ်မတော်ဖက်ကနေ ထိုးဝင်လာလို့ ခုံခံတိုက်ပွဲတွေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
တပ်မတော်ဘက်မူ မန်စီမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်အတွင်း သစ်ထုတ်လုပ်မှုအား ပူးပေါင်းဆောင်ရွက်နေသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင် အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု PSLF/ TNLA က ပြောသည်။
“မနေ့ကတော့ နမ္မတူမြို့နယ်ဖက်မှာတော့ဖြစ်တယ်။ မနေ့က နမ္မတူမြို့နယ်ထဲမှာ ၂ နေရာ မနက်ပိုင်း ၈ နာရီ ခွဲ ကျော်လောက်ကနေ ၉ နာရီခွဲကျော်လောက်အထိ ဒီကောင်းဟုန်းနားမှာဖြစ်တယ်။ ဒုတိယတစ်ကြိမ်ကလည်း ၈ နာရီ ၅၅ ကနေ ၉ နာရီ ၄၀ အထိက ပိန်ထွမ်ကျေးရွာထဲမှာဖြစ်တယ်”ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော သည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း အစိုးရတပ်မတော်နှင့် PSLF/TNLA တို့ ကြား နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာနှင့် ကောင်းကွမ်းကျေးရွာအနီးတွင် ၂ ကြိမ်နှင့် နမ္မတူမြို့နယ် ကောင်းဟုန်းကျေးရွာနားတွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။
ဧပြီလအတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲ စုစုပေါင်း ၁၀ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြောသည်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့တွင် အစိုးရတပ်မတော်က တပ်အင်အားများတိုးချဲ့ထားသည့်အပြင် ပြန်လည် ဆုတ်ခွာသွားခြင်း မရှိသေးသည့်အတွက် စစ်ရေးတင်းမာသည့် အနေအထားတွင် ရှိနေသည်ဟု KIO/KIA က ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လွတ်လပ်စွာ သွားလာလုပ်ကိုင် စားသောက်ခွင့် ဆုံးရှုံးရသည့်အပြင် လူ့အခွင့်ချိုးဖောက်မှုများလည်း ခံနေရသည်ဟု ဒေသခံများက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့သည့် “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည်။