ပယင်းမှော်များတွင် စစ်ဆင်ရေး လုပ်မည်ဟု KIA ကြေညာချက်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်များတွင် စစ်ဆင်ရေး လုပ်ရန်ရှိသည်အတွက် ပြည်သူများ မှော်အတွင်းမှ အမြန်ဆုံး ထွက်ခွာကြရန် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ထုတ်ပြန်ကြေညာထားသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ (တနိုင်းမြို့နယ်) အတွင်းပျောက် ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်သည့်အတွက် လုပ်ကိုင်လျက်ရှိသော လုပ်ငန်း ရှင်များနှင့် မိဘပြည်သူများအနေဖြင့် မှော်အတွင်းမှ အမြန်ဆုံး ထွက်ခွာပေးကြပါရန် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ က ကြေညာထားခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၄ အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ဟူးကောင်းချိုင့်ဝှမ်းဒေသ(တနိုင်းမြို့နယ်) အတွင်းရှိ ရှဒူးဇွပ်ဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘာချောင်းဖျား ရွှေမှော်များနှင့် ပယင်းမှော်များအား ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေး ပြုလုပ်သွားမည်ဟု ဧပြီလ ၅ ရက်နေ့ (ယနေ့)နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ပြည်သူလူထုတွေ ဒုက္ခမရောက်အောင် ပြည်သူလူထုတွေ ဒုက္ခရောက်ဖို့ စိုးရိမ်နေလို့ အသိပေးပြီးမှ ကိုယ့်နေရာကို ကိုယ့်ရေမြေကို ရွာတွေကို ပြန်ဖို့အကြောင်းကြားတာပါ။ ဒါကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြည်သူလူထုတွေ ဒုက္ခရောက်မှာ စိုးရိမ်လို့ပါ” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ (တနိုင်းမြို့နယ်) အတွင်းရှိ ရွှေမှော် ပယင်းမှော်များအား ပျောက်ကျားစစ်ဆင်ရေး နှင့် မိုင်းစစ်ဆင်ရေး ပြုလုပ်ရသည့် အကြောင်းကို KIO/KIAက ယခုလိုပြောသည်။

“တပ်ရင်း ၁၄ နယ်မြေဖြစ်နေတဲ့ ဒီ တနိုင်းရွှေမှော်ပယင်းမှော်ဖက်မှာကတော့ တပ်မတော်စစ်ကြောင်းတွေက ထိုးထားတာ အကုန်လုံး တောထဲတောင်ထဲမှာ ရှိနေတုန်းဖြစ်ပါတယ်။ အားလုံးက ပြန်ဆုတ်သွားတာ မရှိသေးပါဘူး ဒါတစ်ချက်နော်။ ဒုတိယတစ်ချက်ကတော့ တပ်မတော်ဖက်ကနေလည်း ဒီရွှေမှော် ပယင်းမှော်ဘက်မှာ ဒီရွှေတွေ ပယင်းတွေ ပြန်လုပ်ခိုင်းတာ သတင်းတွေထွက်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း ပယင်းတွေ ပြန်လုပ်စားတာဟာ တစ်ချို့တွေ ရှိကြတာပေါ့။ နံပါတ် ၃ အချက်က ဒီတပ်ရင်း ၁၄ နယ်မြေကတော့ အတည်တကျ တပ်စွဲပြီးမှ ဌာနချုပ်လုပ်ဖို့ကလည်း လောလောဆယ်မှာတော့ အဆင်မပြေဘူး ဆိုတော့ သူတို့ အတွက်တော့ ဒီတပ်တွေကို လှုပ်ရှားတဲ့ပုံစံနဲ့ အခုလိုမျိုး လုပ်ရတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြော သည်။

ထုတ်ပြန်ချက်ထဲတွင် သတိပေးကြေငြာစာအား တွေ့မြင်သိရှိပြီးနောက် လိုက်နာခြင်းမရှိပဲ ရွှေနှင့် ပယင်းများအား ဆက်လက်လုပ်ကိုင်နေသော မိဘပြည်သူများသည် ဖြစ်ပေါ်လာသော ပြသာနာအလုံးစုံနှင့် ပတ်သက်၍ မိမိရဲ့ကံကြမ္မာနှင့် မိမိသာဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်ဟု ပါရှိသည်။

သတိပေးကြေငြာစာအား တွေ့မြင်သိရှိသော မိဘပြည်သူများအားလုံး မိမိနှင့်သက်ဆိုင်သော ဆွေမျိုးသားချင်း လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများအားလည်း ဆက်လက်အသိပေးကြပါရန် နှိုးဆော်လိုက်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ (တနိုင်းမြို့နယ်)အတွင်းရှိ ပယင်းမှော် ရွှေမှော်များတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက KIA နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် အရပ်သား ပြည်သူများ အသက်ဆုံးရှုံးမှုများရှိခဲ့သည်။

ထို့အပြင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ KIA တပ်ရင်း ၁၄ လက်အောက်ခံ နမ်ဗျူစခန်းကိုလည်း မတ်လ ၉ ရက်နေ့က ဆုတ်ခွာပေးခဲ့ရသည်။