ရွာသား ၂၀၀၀ ခန့် တိုက်ပွဲကြား ပိတ်မိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။

တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ လူဦးရေ ၂၀၀၀ နီးပါးခန့် တိုက်ပွဲကြားတွင် ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အောင်လော့ဒ်၊ ဆွတ်ရိန်ယန်နှင့် ဇွပ်ပရာ (နောင်း ယန့်) ကျေးရွာများမှ ပြည်သူလူထု ၂၀၀၀ နီးပါးခန့် တိုက်ပွဲကြား ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲမှာလည်း အယောက် ၂၀၀၀ ပတ်ဝန်းကျင်လောက် ပိတ်မိနေတယ်လို့ ကျနော်တို့ကို ဖုန်း ဆက်လာတာ အဲဒါရှိတယ်။ အဲမှာလည်း ညကလက်နက်ကြီးကျလို့ တစ်ယောက်က ဆုံးသွားပြီးမှ တစ်ယောက်က ဒဏ်ရာရ တယ်လို့ပြောလို့ သူတို့ကလည်း ရွာထဲမှာ မနေရဲတော့ တောမှာပဲ နေနေတယ်။”

မြစ်ကြီးနားမြို့အဝင် KIA တပ်ရင်း ၁၁ နယ်မြေအနီး ဒွန်ဘုံကျေးရွာနားတွင် ယနေ့ မနက်အစောပိုင်းက အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတွင်း လက်နက်ကြီးကျည်ကျ ရောက်သည့်အတွက် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် အောင်လော့ဒ်ကျေးရွာတွင် မည်သူမှ မရှိတော့ပဲ အားလုံး နီးစပ်ရာ အသီးသီးသို့ ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောသည်။

ရေရှည်တွင် တိုက်ပွဲကြား ပိတ်မိနေသူများအတွက် အစစအရာရာ ခက်ခဲလာနိုင်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“တောမှာပဲ နေတယ်ဆိုတော့ သက်ကြီးရွယ်အိုတွေပါတယ်။ ကလေးသူငယ်တွေ ပါတယ်ဆိုတော့ ကြာရင် တော့ ကျန်းမာရေး စားဝတ်နေရေးအတွက် အဆင်မပြေလို့လေ။ ကြာကြာပိတ်မိနေရင်တော့ သူတို့အတွက် ဒုက္ခရောက်လာဖွယ်ရှိတယ်။”

လက်ရှိအချိန်တွင် တနိုင်းမြို့နယ်အတွင်းရှိ အောင်လော့ဒ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန် စွာ ဆက်လက် ဖြစ်ပွားနေပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံများမှာ ကြောက်လန့်ကာ တောထဲသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။

ဘာသာရေး အဖွဲ့အစည်းများမှ တိုက်ပွဲကြား ပိတ်မိနေသူများအား သွားရောက်ကယ်ထုတ်ခွင့်ပြုရန် ဒေသခံ အာဏာပိုင်နှင့် နယ်မြေခံတပ်တို့အား ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရသေးကြောင်း တနိုင်းမြို့မှ ဦးနော်တောင် က ပြောသည်။

“အထက်က ခွင့်ပြုချက်ရမှပဲ သူတို့က ခွင့်ပြုပေး လို့ရမှာပေါ့။ အထက်က ညွှန် ကြားချက်ရှိမှပဲ ကျနော်တို့က ခွင့်ပြုပေးလို့ရမယ်။ အထက်က ညွှန်ကြားချက် မရပဲနဲ့ ခင်ဗျားတို့ သွား လာနေမယ်ဆိုရင် ဖြစ်လာတဲ့ ပြဿနာကတော့ ကိုယ့်ပြဿနာကိုယ်ပဲဆိုမှပြောလို့ ကျနော်တို့က အဲဒါ သွားခေါ်ယူဖို့လည်း အဆင်မပြေဘူးဖြစ်နေတာ” ဟု ပြောသည်။

သို့သော် တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်နိုင်ရန်အတွက် ဒေသခံ အာဏာပိုင် များနှင့် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ပြီး မရပါက ပြည်နယ်အစိုးရမှတစ်ဆင့် ပြန်လည်အကူအညီ တောင်းခံမည်ဟု ဦးနော်တောင်က ပြောသည်။

ထို့အပြင် ယမန်နေ့ည ၁၂ နာရီအချိန်ခန့်တွင် KIO ဌာနချုပ်လိုင်ဇာမြို့ အနီးတဝှိုက်အား အစိုးရတပ်မ တော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက “၁၂ နာရီ ၄၅ မိနစ်လောက်မှာ အသံတွေကြားရတယ်။ အလမ့်ဘွမ်မှာလည်း နှစ်လုံးကျတယ်လို့ပြောတယ်။ ဒီ မုန်းဆန်ယန်အကျော် ဂျေယန်ဒုက္ခသည် စခန်း ဘက်သွားတဲ့လမ်းက ဂေါက်ကွင်းမှာလည်း သုံးလုံးလောက်ကျတယ်။ ကျောင်းသားတပ်တွေဘက်ကိုလည်း လက်နက်ကြီးတွေ ကျတယ်တဲ့”ဟု ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာပြီး တိုက်ပွဲများကြောင့် ဒေသခံလူထုများ အသက်ဆုံးရှုံးမှုများ ရှိနေသည်။