လူမျိုးအမည်ကွဲများကြောင့် လီဆူများ အခွင့်အရေး နစ်နာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။

အမည် အခေါ်အဝေါ် ကွဲပြားမှုများကြောင့် လီဆူလူမျိုးများ အခွင့်အရေး ဆုံးရှုံးနေရသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ပြောသည်။

လူမျိုးနာမည်အမှန်မှာ လီဆူဖြစ်သော်လည်း ဒေသအလိုက် လီဆူ၊ လီဆူး၊ လီရှော၊ လီဆောဟု အမည်ကွဲပြား ခေါ်ဝေါ်နေမှုများကြောင့် နိုင်ငံရေးအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် ရသင့်ရထိုက်သည့် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေသည်ဟု ဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“အထူးရသင့်ရထိုက်တဲ့ နိုင်ငံရေးအခွင့်အရေးတွေ ဆုံးရှုံးတယ်။ မန္တလေးတိုင်းမှာဆိုရင် အခြေခံ ဥပဒေအရ တိုင်းရင်းရေးရာကိုယ်စားလှယ် (သို့) တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ပါး ရရှိဖို့ အခြေအနေ ရှိပါတယ်။ သူကသန်းခေါင်စာရင်းအရရှိတဲ့ နိုင်ငံတော်လူဦးရေရဲ့ ဝ.၁ ရာခိုင်နှုန်း ပြည့်မှီတဲ့ လူမျိုးဆိုရင် ပေးလို့ရတယ်။ ကျနော်တို့ မန္တလေးတိုင်းမှာဆိုရင် ဝ.၁ ရာခိုင်နှုန်းကို ကျော်လွန်သွားပြီ။ သို့သော်လည်း လီဆူအဖြစ်တစ်မျိုး၊ လီဆူးအဖြစ်တစ်မျိုး၊ လီရှောအဖြစ်တစ်မျိုးလုပ်ထားတော့ လူမျိုးတစ်မျိုးထဲ မဖြစ်တဲ့အတွက် ရာခိုင်နှုန်းမှာ မပြည့်မှီဘူး၊ လူဦးရေမပြည့်မှီဘူးဆိုပြီး ကနေ့ထိ တိုင်းရင်းသား ရေးရာဝန်ကြီး မရရှိတာ ဒါတွေဖြစ်ပါတယ်ခင်ဗျ။”

လီဆူတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှ တစ်မျိုးဖြစ်ပြီး ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်ဒေသတို့တွင် အများဆုံးနေထိုင်ကြသည်ဟု သိရသည်။

မန္တလေးတိုင်း မိုးကုတ်တွင် ဒုတိယအများဆုံးနှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေထိုင်ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လီဆူတိုင်းရင်းသားဦးရေ ငါးသိန်းကျော်ရှိသည်ဟု ဦးရွှေမင်းက ပြောသည်။

မိုးကုတ်မြို့မှ ဒေါ်ခင်မာဦးက “မိုးကုတ်ဘက်မှာက ရှမ်းများတယ်လေ။ အစ်မတို့ရဲ့ လူမျိုးကို လီဆူဆိုပေမယ့်လည်း သူတို့ခေါ်တတ်တဲ့ အခေါ်နဲ့ပဲပေါ့ လီဆော လီဆော ခေါ်ရင်းနဲ့ နောက်ဆို လီရှော လီရှောဆိုပြီး ခေါ်လာကြတာလေ။ ဟိုးဘိုးဘွားတွေ လက်ထက်ကတည်းက ခေါ်လာခဲ့တာကို မပြင်ခဲ့ဘူးပေါ့။ အရင်တုန်းကတော့ လီဆူလား လီဆောလား လီရှောလားဆိုတာကလည်း ဘာပြဿနာမှ မရှိဘူး” ဟု ပြောသည်။

ယခင်က ထိုကဲ့သို့ခေါ်ဝေါ်ခဲ့မှုကြောင့် တစ်စုံတစ်ရာ ပြဿနာမရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းမှစ၍ သံသယမျိုးနွယ်စုဟု သတ်မှတ်ခံနေရသည်ဟု ၎င်းကဆက်ပြောသည်။

“ဒီနောက်ပိုင်း ၁၉၉၀ နောက်ပိုင်းတော့ ခိုလှုံလီရှော ရောက်လာတာပေါ့နော်။ ခိုလှုံလီရှောရောက် လာတဲ့နောက်ပိုင်းမှာတော့ ကိုယ့်ဆီက နဂိုခေါ်ခဲ့တဲ့ လီရှောဆိုတဲ့ နာမည်နဲ့ သူတို့ခိုလှုံလီရှောက ဝင်လာတော့ သူတို့နဲ့က သွားရောသွားတာ။ ရောသွားတဲ့ အခါကြတော့ အမျိုးသားမှတ်ပုံတင်လုပ် ပေးတဲ့ပုံစံ ၁ တွေ အားလုံးနီးပါးက လီရှောသွားထွက်တာ။ အခုက မှတ်ပုံတင်လုပ်တဲ့အခါကြတော့ လီရှောဖြစ်နေတာတွေ အားလုံးကို သံသယမျိုးနွယ်စု၊ တရုတ်နဲ့ သွေးနှောတယ်၊ သူ့ကိုကျတော့ မြို့နယ်လဝကက မလုပ်ပေးဘူး။ မန္တလေးတိုင်း ဆင်းရတယ်။အိမ်ထောင်စုလည်း မလုပ်ပေးဘူး။ မွေးတိုးလုပ်ဖို့တောင် အရမ်းခက်ခဲ့တယ်။ မလုပ်ပေးကြဘူး။ အဲ့လိုအခက်အခဲတွေရှိတယ်။”

လီဆူလူမျိုးများ လူမျိုးအမည်မှန်ရရှိရေး၊ တိုင်းရင်းသားနိုင်ငံသား(မွေးရာပါနိုင်ငံသား) အခွင့်အရေးကို တခြားတိုင်းရင်းသားတွေနည်းတူ တန်းတူအခွင့်အရေးရရှိရေးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောက်ရွက်ပေးရန် ဒူးလေးပါတီ၏ လေးနှစ်မြောက် ဗဟိုကော်မတီအစည်းအဝေးအပြီး ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုထားသည်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စု စာရင်းများပြုလုပ်ရာ အကန့်အသတ်နဲ့ခွဲခြားဆက်ဆံခံနေရခြင်း၊ ပြုလုပ်ရရှိမှု ခက်ခဲနေခြင်းတို့အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း သန်းခေါင်စာရင်း ပြုလုပ်မှုမှာ အခက်အခဲရှိနေတဲ့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့အတွက် ကျနော်တို့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ် တက်ခွင့်မရတာတို့၊ နိုင်ငံ့ဝန်ထမ်းလျှောက်ထားရာမှာ မရတာတု့ိ၊ အလုပ်အကိုင်လျှောက်ထားမှုမှာ ဒုက္ခတွေ့တယ်။ ဒါ့အပြင် ခရီးသွားလာမှုမှာလည်း အများကြီး ဒုက္ခတွေ့တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ တိုင်းရင်းသားဆိုတဲ့ အခွင့်အရေးကို ဆုံးရှုံးပြီးတော့ နိုင်ငံတကာကနေ ခိုးဝင်လာတဲ့ပုံစံ၊ အထင်အမြင်ခံရပြီး သံသယဆိုတဲ့လူမျိုးလို့ အထင်ခံရတာ အဆိုးရွားဆုံးဖြစ်ပါတယ်” ဟု ဦးရွှေမင်းက ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုုလုပ်သည့် ဒူးလေးပါတီ၏ လေးနှစ်မြောက် ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် လီဆူတိုင်းရင်းသားများ ဆုံးရှုံးနေသည့် မွေးရာပါတိုင်းရင်းသားအခွင့်အရေးတို့ ရရှိအောင် အစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက တွေ့ဆုံကြိုးပမ်းအဖြေရှာကြဖို့ တိုက်တွန်းတောင်းဆိုထားသည်။