တနိုင်းနှင့် ဖားကန့် မြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ် ဖားကန့်မြို့ နယ်နှင့် တနိုင်းမြိ့နယ်တို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည် ဟု KIO/KIA က ပြောသည်။
“ဒီနေ့တိုက်ပွဲကတော့ ကြားရတာကတော့ KIA တပ်မဟာ ၂ နယ်မြေတွေပေါ့၊ တနိုင်းဘက်မှာ ဒီမနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ နောက်တပ်ရင်း ၆ နယ်မြေ ဖားကန့်မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ ဒါပေမယ့် မြေပြင်သတင်းတွေတော့ မရသေးဘူး” ဟု ကချင် လွတ် လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
သို့သော် ဧပြီလ ၁၂ ရက်နေ့ (ယနေ့) တွင် KIO/KIA ဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်အတွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦး ဆမ်အောင်က ပြောသည်။
“ဒီနေ့လည်း လာပစ်တယ်။ တနိုင်းဘက်ကဆို နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒီ အောင်လာဒ်ဘက်ဆိုရင် ရွာတွေထဲကို လက်နက်ကြီးတွေကျတယ်။ လူထုတွေကတော့ အဲ့ဒီပတ်ဝန်းကျင်မှာ မြေကတုတ်ကျင်းတွေမှာ အောင်းနေကြတဲ့ သဘောမျိုး ပြီးရင် လက်နက်ကြီးတွေ အရမ်းကျတော့ တချို့ကလည်း ပြေးတဲ့လူပြေး၊ ပုန်းတဲ့လူပုန်းပေါ့နော်။ လောလောဆယ် အဲ့လောက်ပဲရသေးတယ်။ စစ်တိုက် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ အစိုးရတပ်က လာပစ်တာ” ဟု ပြောသည်။
နှစ်ဖက် လက်နက်ကိုင်များမှ ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အတွက် နှစ် ၇၀ ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြီးအား အဆုံးသတ်နိုင်ရန် ခဲယဉ်းလာသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း အလှမ်းကွာဝေးလာနေသည်ဟု ဦးဆမ်အောင် က သုံးသပ်ပြောဆိုသည်။
“ဒီလိုပဲဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အလားလာက တစ်ရက်ထက်တစ်ရက် နောက်ဆုတ်သွားတဲ့ အနေအထားမျိုးပဲဖြစ်ပါတယ်။ အခုဆိုရင် အရင် ၂၀၁၃-၂၀၁၄ လောက်က ထက်စာရင် အများကြီးနောက်ဆုတ်သွားတယ်။ ငြိမ်းချမ်းရေးအတွက်က တဖြည်းဖြည်းနဲ့ မျှော်လင့်ချက် ပိုပိုနည်းနည်းလာတဲ့သဘောရှိပါတယ်။ စစ်ဆင်ရေးတွေများလေ မျှော်လင့်ချက်က နည်းလေဖြစ်နေတယ်။”
ဧပြီလ ၁၁ ရက်နေ့ ယမန်နေ့က KIO/KIA ထိန်းချုပ်ရာ ဒေသများဖြစ်သည့် တပ်မဟာ ၃ ဒေသ မန်စီ မြို့နယ်၊ တပ်မဟာ ၂ ဒေသ တနိုင်းမြို့နယ်၊ နမ္မတီးမြို့ အနီးရှိ ကေအိုင်အေ တပ်ရင်း ၁၁ နှင့် လိုင်ဇာ ဌာနချုပ် အနီးတစ်ဝိုက်တွင် အစိုးရ တပ်မတော်ဖက်က လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများရှိခဲ့သည်။