KIA ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးကျ၊ အရပ်သား တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သားပြည်သူ တစ်ဦးသေ၊ သုံးဦး ထိခိုက်ဒဏ်ရာ ရရှခဲ့သည်ဟု ဒေသခံများက ပြောသည်။
“လိုင်ဇာက မုန်လိုင်ခက်ဘက်မှာ လက်နက်ကြီးနဲ့ပစ်တယ်။ မုန်လိုင်ခက် ဒီ ဗိုလ်သင်တန်းကျောင်း ရှိတဲ့ဘက်လေ။ အဲ့ဒီနေရာကို အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ နောက်ပြီး လဝါးယန်မှာ ငှက်ပျောသီးထမ်းတဲ့လူတွေကို လဂျာယန်ဘက်ကနေ ၈၂ မမ နဲ့ ပစ်တယ်။ အဲ့ဒီမှာ ငှက်ပျောသီး ခြံမှာ အလုပ်လုပ်တဲ့ လူတစ်ယောက်ထိ ပြီး သေသွားတယ်။ သုံးယောက်ကတော့ ဒဏ်ရာရတယ် တစ်ယောက်က လည်ပင်းမှာထိတယ်။ တစ်ယောက်က နောက်ကျောမှာထိတယ်။ အခုနေပဲ ဆေးရုံ ထဲရောက်လာတယ်” ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူများမှာ လိုင်ဇာဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေသည်ဟု ပြောသည်။
ဧပြီလ ၁၁ ရက်နေ့(ယနေ့) မွန်းလွဲ ၂ နာရီ မှ ၃ နာရီ ခန့်အထိ အစိုးရတပ်မတော်ဖက်က ပစ်လိုက်သည့် လက်နက်ကြီးကျည် အမြောက်အများ လိုင်ဇာမြို့ အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ သည်ဟု လိုင်ဇာဒေသခံက ပြောသည်။
“လက်နက်ကြီးကျတာတော့ လိုင်ဇာ IDPs Camp အနောက်တောင်ကုန်း မုန်လိုင်ခက်ဘက်ကိုကျတယ်၊ အလမ့်ဘွမ်၊ နောက်တစ်ခါ လဝါယန်ရွာပေါ့နော် အဲ့ဒီမှာ ငှက်ပျောခြံတွေဘက်၊ နောက်တပ်ရင်း ၂၄ ဘက်ပေါ့။ ပစ်တာကတော့ အလုံး ၂၀ ဝန်းကျင်လောက်ရှိတယ်။ လောလောဆယ် သတင်းကြားတာကတော့ အဲ့ဒီလဝါယန်မှာ ငှက်ပျောထမ်းတဲ့ လူတစ်ယောက်ပေါ့နော အရပ်သားထဲက သေသွားတယ်။”
ထို့အပြင် အလားတူ တနိုင်းမြို့နယ်ဖက်တွင်လည်း အစိုးရတပ်မတော်ဖက်က လက်နက်ကြီး ပစ်ခတ်မှုများရှိပြီး လက်နက်ကြီးသံများကို တနိုင်းမြို့အတွင်းမှ ကြားနေရသည်ဟု တနိုင်းဒေသခံ တစ်ဦးက ပြောသည်။
“လက်နက်ကြီးတော့ အသားကုန်ပဲ ၁၅ ချက် ၁၀ ချက်မကဘူး တနိုင်းမြို့ကနေ ဟို မြို့ အပြင်လောက်မှာပေါ့။ ကြားတာကတော့ ရက်ရက်စက်စက်ပဲ တဒုန်းဒုန်းပဲ” ဟု ပြောသည်။
ယခုဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်း နှင့်ပြန် ကြားရေး တာဝန်ခံအား ဆက်သွယ်သော်လည်း ဆက်သွယ်၍မရ သကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
လိုင်ဇာဒေသခံများအနေဖြင့် လတ်တလောထွက်ပေါ်နေသည့် ကချင်ဒေသအတွင်း တိုက်ပွဲများပြင်း ထန်လာနိုင်သည့် သတင်းများကြောင့် စိုးရိမ်နေရသည်ဟု ပြောသည်။
မကြာသေးမီ ဧပြီ ၆ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိ တံတားညီနောင်ကျေးရွာတွင် တပ်ထိုင်ထားသည့် အစိုးရတပ်စခန်းနှင့် ဧပြီလ ၈ ရက်နေ့တွင် တနိုင်းမြို့နယ်ရှိ လမုန်ကျေးရွာရှိ အစိုးရ တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက် တိုက်ခိုက်ခဲ့မှုများ ရှိခဲ့သည်။
ထို့အပြင် တနိုင်းမြို့နယ် အတွင်းရှိ ရွှေမှော် နှင့် ပယင်းမှော်များတွင် ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သောကြောင့် မှော်လုပ်သားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မှော်အတွင်းမှ အမြန်ဆုံး ထွက်ခွာပေးရန် ဧပြီလ ၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ထုတ်ပြန်ထားသည်။