သီပေါမှ စစ်ရှောင်များ အိမ်ပြန်ရန် ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား စစ်ရေးတင်းမာမှုများကြောင့် သီပေါမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်လာရသည့် စစ်ဘေးရှောင်များအနေဖြင့် ညှိနှိုင်းမှုများ အဆင်ပြေပါက ဧပြီလ ၁၁ ရက်နေ့တွင် အားလုံးပြန်မည်ဟု ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
“ကျွန်တေ်ာတို့အစက ပြန်ဖို့အတွက် တောင်းဆိုတော့ အစပထမတုန်းကတော့ ပြန်ပေါ့လို့ပြောတယ်။ အဲ့ ရက် ညနေပဲ ပြန်ပြောလာတာက နှစ်ရက်လောက်နေအုံးဆိုပြီး ပန်ခန်ရွာဥက္ကဌကို လှမ်းပြောတယ်။ အဲ့ဒါနဲ့ အခုစောင့်နေတာ လေးရက်တော့ရှိပြီ။ ပြန်ဖို့အတွက် အပေါ်နဲ့ ညှိနှိုင်းနေတယ်။ RCSS နဲ့ ညှိ နေတယ်။ အဆင်ပြေရင်တော့ မနက်ဖြန်ပြန်မယ်” ဟု သီပေါ့မြို့မှ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး က ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ သီပေါမြို့နယ်အတွင်းရှိ ပန်းခါး၊ ပန်ခန်၊ ထန်စန့် ၊ မန်လွယ် စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး မတ်လကုန်ပိုင်းက သီပေါမြို့ပေါ်သို့ ထွက်ပြေးတိမ်ရှောင်လာသူများ ဖြစ်သည်။
“ဒုက္ခသည်တွေက မြို့ပေါ်မှာရှိတဲ့ ပန်ခန်နဲ့ ထန်ဆန့်က လူတွေတော့ မပြန်သေးဘူးပေါ့။ အခုပြန်ဖို့ ကျန်နေသေးတာက ၄၀၀ ကျော်ရှိတယ်။ မနေ့က ပြန်သွားတာက မန်လွယ်က တစ်ရွာလုံး ပြန်သွားတာပေါ့။ လူဦးရေသုံးရာကျော်ပေါ့နော်။ ပြီးတော့ မန်စံက ၆၀ ကျော်ပေါ့။ အားလုံးလေးရာကျော်ပြန်သွားတယ်” ဟု သီပေါမြို့အခြေဆိုက် နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုးက ဆက်ပြောသည်။
သီပေါမြို့ ၊ ရတနာရွေဂူကျောင်းတွင် ခိုလှုံနေသည့် ပန်ခန်ရွာနှင့် ထန်စန့်ရွာမှ အိမ်ထောင်စု(၁၃၈) စုရှိ လူဦးရေ (၄၇၉) ဦး တို့ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်နေစဲဟု ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသည့်အတွက် အဆင်ပြေပါက အမြန်ဆုံး ပြန်ချင်သည်ဟု ပြောသည်။
အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက “ရွာသားတွေက ဒီအချိန်က နှစ်သစ်ကူးကာလလည်းဖြစ်တယ်၊ ဘုန်းကြီးကျောင်းတက်တယ်၊ ဘာသာရေးအရလည်း အရေးကြီးတဲ့အချိန်လေ။ အဲ့ဒါတွေ လုပ်ချင်တယ်။ လက်ဖက်ခူးချိန်၊ လက်ဖက်ခင်းတွေ ရှင်းချိန်ဆိုတော့ ပြန်ချင်တယ်။ ရွာမြန်မြန်ပြန်ဖို့ လုပ်ပေးစေချင်တယ်” ဟု ပြောသည်။
နေရပ်ပြန်ကြမည့် ဒေသခံများအတွက် စိုးရိမ်သည်ဟု ကိုမျိုးက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ပြန်ချင်တယ်ဆိုရင် ပြန်ပို့ပေးမယ်လေ။ ကျွန်တော်တို့က စိုးရိမ်တာရှိတယ် မိုင်းအန္တရာယ်ပေါ့။ လက်ဖက်ခူးရင်းနဲ့ မိုင်းထိတာတို့ဘာတို့ဖြစ်မှာ စိုးရိမ်တယ်လေ။
၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲနှင့် နမ္မတူ စသည့် မြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး တင်းမာမှုများကြောင့် ဒေသခံများမှာ ၎င်းတို့၏ နေရာဒေသကို စွန့်ခွာကာ စစ်ဘေးရှောင် နေကြရခြင်းဖြစ်သည်။