လွတ်ငြိမ်းမှုများတွင် ပါရှိသော ကန့်သတ်ချက်များကို သမ္မတ ပယ်ဖျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၁၇ ၇က်၊ ၂၀၁၈ ခုနှစ်။
ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ နိုင်ငံရေး အကျဉ်းသားများအား စည်းကမ်း သတ်မှတ်ချက်များ၊ ဝန်ခံချက်များနှင့် ပြန်လွှတ်ပေးသည့် ကန့်သတ်ချက်များကို နိုင်ငံတော် သမ္မတရုံးက ပယ်ဖျက်လိုက်သည်။
နိုင်ငံတော် သမ္ဖ္မတရုံးမှ ဧပြီလ ၁၇ ရက်နေ့ ထုတ်ပြန်ကြေငြာချက်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း လေးထောင်နီးပါးအတွက် ထိရောက် မှုရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်က “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အပြင်ကို အရင်ထဲက နိုင်ငံရေးအရ ဖမ်းဆီးခံထားရတဲ့ လူ တွေကို လွှတ်ရက်မစေ့ခင်မှာ ပြန်လွှတ်ပေးတဲ့ အခြေအနေရှိပါတယ်။ အဲ့ဒါတွေက နောက် တစ်ခါ အဖမ်းခံရမယ်ဆိုရင် တကယ်ပြစ်ဒဏ်နဲ့ ပေါင်းပြီးတော့ ပြန်ချမယ်ဆိုတာရှိပါတယ်။ ဒါကို အားလုံးကို ပယ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒီနောက်ကြောင်းပြန် သက်ရောက်တဲ့ဥပဒေ မရှိတော့ဘူးဆိုတော့ ဒါက နိုင်ငံရေးအရ အကျဉ်းကျခံခဲ့ရတဲ့ သုံးလေးထောင်လောက်ကို သက်ရောက်မှုရှိပါတယ်။ ဒါက လည်း ကြိုဆိုစရာကောင်းတဲ့အချက်ပါ” ဟု ပြောသည်။
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်၊ လူသားချင်းစာနာ ထောက်ထားတို့ဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ (၈၄၉၀) ဦးအား လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့သည်။
ယနေ့ လွတ်ငြိမ်း သက်သာခွင့်အရ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၆ ဦး ပါဝင်သည်ဟု AAPP က ပြောသည်။
“အခုလောလောဆယ် စာရင်းအရဆိုရင် ကျွန်တော်တို့ပေးထားတဲ့ ၅၄ ဦးမှာ ၃၆ ဦး လွှတ်လာတယ်။ ၁၈ ဦးကျန်တယ်ဆိုတဲ့ သဘောရှိပါတယ်။ ဒါကိုလည်း ပြန်ပြီးတော့ စိစစ်ပေးဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်တယ်။ တောင်းလည်း တောင်းဆိုသွားမှာပါ။တစ်ဦးကတော့ ဒီကိုအောင်ကိုထွေးကတော့ နောက်အမှုရှိနေတဲ့ တစ်ယောက်ဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း ရုံးချိန်းထုတ်ထားပါယ်။ ဒါကြောင့်မို့လို့ အဲ့တစ်ယောက်ကတော့ မပါသေးဘူးဖြစ်နေတာပါ” ဟု ဦးတိတ်နိုင်က ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ကောက်ယူထားသည့် စာရင်းအရ နိုင်ငံရေးနှင့် ပတ်သက်ပြီး အကျဉ်းထောင်အသီးသီးအတွင်းမှ တရားရင်ဆိုင်နေရသူ ၇၄ ဦးရှိပြီး၊ အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၁၂၀ ယောက် ကျန်ရှိနေပါသေးဟု ပြောသည်။
“လောလောဆယ် အမှုရင်ဆိုင်နေရတာက အကျဉ်းထောင်ထဲကနေပြီးတော့ ၇၄ ဦး အမှုရင်ဆိုင် နေရပါတယ်။ နိုင်ငံရေးအရပေါ့လေ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ နောက်တစ်ခါ ဒီအပြင်က ၁၂၀ အမှုရင်ဆိုင်နေရတာရှိပါတယ်။ ဒါတွေကိုလည်း လွှတ်ပေးဖို့အတွက် ကျွန်တော်တို့ အနေနဲ့က ထပ်ပြီးတော့ တောင်းဆိုသွားဖို့ရှိပါတယ်” ဟု AAPP က ပြောသည်။
သမ္မတသစ် ဦးဝင်းမြင့်၏ လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသူများထဲတွင် သာယာဝတီထောင်မှ နှစ်ရှည်ထောင်ဒဏ်များဖြင့် သေဏ်ချမှတ်ခံထားရသည့် ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)RCSS/SSA မှ ဒု-ဗိုလ်မှူးကြီး ခွန်ကျော် (ခေါ်) ကိုသံချောင်းတို့အပြင် မုံးကိုး တိုက်ပွဲအတွင်း သတင်းထောက်များအား ကူညီပေးခဲ့သူ ဓမ္မအမှုတော် ဆောင် နှစ်ဦးတို့လည်း ပါဝင်သည်။
အမျိုးသားဒီမိုကရေစီအဖွ့ဲ ချုပ် (NLD) အစိုးရလက်ထက်၊ သမ္မတဟောင်း ဦးထင်ကျော်လက်ထက်တွင် အကျဉ်းသားများအား တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ယခုအကြိမ်သည် နှစ်ကြိမ်ဖြစ်သည်။
ယနေ့တွင် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/ သူ (၈၄၉၀) ဦးအား လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ပြီး မူးယစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ၆၃၆၂ ဦး ပါဝင်သည်။