ငြိမ်းချမ်းရေး ညီလာခံသည် အစည်းအဝေး ဖြစ်မြောက်ရုံသာ မဖြစ်သင့်ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇွန်လ ၁၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစည်းအဝေး ဖြစ်ရုံပြုလုပ်ခြင်းထက် ရလဒ်ကောင်းများ ရရှိစေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ  ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောဆို လိုက်သည်။

ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၂၁ ကြိမ်မြောက် အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။

KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးဟာ Stakeholders တွေကြားမှာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ ပွဲအဖြစ် အသုံးပြုရမယ့် နေရာမဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ချမှတ်အပ်တဲ့ မှတ်ကျောက်ဖြစ်ဖို့ လိုပါတယ်။ ဟု အစည်းအဝေးစတင်ချိန်တွင် ပြောဆိုခဲ့သည်။

NCA အကောင်အထည်ဖော်ရာတွင် အထင်အရှားဆုံးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောသည်။

တဆက်တည်းမှာပင် တစ်နှစ်ကျော်ကြာ ကျင်းပနိုင်ခြင်းမရှိသေးသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကိုလည်း ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ အခြေခံ တစ်ခု အနေဖြင့် မည်သို့ ကျင်းပ သင့်သည်ကို ဆွေးနွေးဆုံးဖြတ်ကြရန် ပြောဆိုခဲ့သည်။

အနှစ်သာရရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုရှေ့ဆက်ပြီး ကြိုးစားလုပ်ကိုင်သွားကြမလဲဆိုတာကို အဖြေရှာရမှာဖြစ်သလို ကျနော်တို့ကြားမှာ တည်ရှိနေပြီးသားဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ဆိုင်ရာ ကွဲပြားမှုအမြင်တွေကို လည်း ဘယ်လိုကြိုးစားညှိနှိုင်းသွားမလဲဆိုတဲ့ နည်းနာတွေကို ရှာဖွေဖို့ စဉ်းစားရမှာဖြစ်ပါတယ်။

အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးကိစ္စ၊ နိုင်ငံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးကိစ္စ များအပါအဝင်၊ အစိုးရ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး ကိစ္စများ၊ လုပ်ငန်းကော်မတီ အစည်းအဝေးကိစ္စများ အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု တတိယအကြိမ် ပင်လုံ ညီလာခံ ကိစ္စရပ်များအား ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသော အဖွဲ့အစည်းများ အနေဖြင့်လည်း လက်ရှိကြုံ တွေ့နေရသော အခြေအနေများအပေါ် ကျော်လွှားနိုင်ရန် အဖြေရှာကြဖို့ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောဆိုခဲ့သည်.

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ဖို့ အခက်အခဲရှိတဲ့ အဖွဲ့အစည်းများအနေနဲ့လည်း အမှန်တကယ် ညီလာခံ ကျင်းပရေးဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်မယ်ဆိုတာနဲ့ ချိန်ထိုးပြီး အကောင်းဆုံး ဘယ်လိုကျော်လွှားမလဲ ဆိုတာကို ဝိုင်းဝန်းအဖြေရှာဖို့လိုပါတယ်။ ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့သည် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP ခေါင်းဆောင်များနှင့် ထိုင်း မြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့တွင် သီးခြား တွေ့ဆုံဆွေးနွေး ရန်ရှိသည်ဟုလည်း သိရသည်။