ပင်လုံ အစည်းအဝေးတွင် ပြဿနာများ မဆွေးနွေးသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ရှေ့ဆက်ဆွေးနွေးရန် တစ်စို့နေသည့် အချက်များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည်မဟုတ်ဟု NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ကျင်းပပြီးဆုံးသွားသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၂၁ ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူ ဆုံးဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး မှ သတင်းထောက်များအား ယခုလို ပြောသည်။

“ကျနော်တို့ တစ်စို့နေတဲ့  ခွဲမထွက်ရ နဲ့ ဒီ ကိုယ်ပိုင်ပြဌာန်းခွင့် နောက်ပြီးတော့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကိစ္စတွေက အစပေါ့လေ ဒီဟာတွေက ကျနော်တို့ ဒီကနေ့ ၂၁ ပင်လုံ တတိယအကြိမ် မှာ ဆွေးနွေးမှာ မဟုတ်သေးပါဘူး၊” ဟု ပူးဇင်ကျုံးက ပြောသည်။ “ကျနော်တို့ ၂၁ ပင်လုံ ဒုတိယအကြိမ်မှာ ကျနော်တို့ မဆွေးနွေးရသေးတဲ့ အချက်ထဲမှာ တချို့ကိုပဲ ကျနော်တို့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်၊ ဒါကိုလည်း ကျနော်တို့ ဒီ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဒါကို ကျနော်တို့ ဘာတွေ ဆွေးနွေးသွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။”

တစ်စို့နေသည့် ကိစ္စရပ်များကို ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးပြီးနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်များအကြား ပြန်လည်ဆွေးနွေးအဖြေရှာ၍ အစိုးရ၊ တပ်မတော်အကြား နည်းလမ်းရှာဖွေ ဆွေးနွေးကျော်ဖြတ်သွားရန် စဉ်းစားထားသည်ဟုလည်း ပူးဇင်ကျုံး မှ ဆက်လက်ပြောဆိုသည်။

တဆက်တည်းမှာပင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို အစိုးရမှ ယခု ဇွန်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထား ကျင်းပနိုင်ရေး လျာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းကော်မတီ အစည်းအဝေးများနှင့် ပြင်ဆင် ဆောင်ရွက်ရန် အချိန်နီးကပ်လွန်းသဖြင့် ဇူလိုင်လလယ်ပိုင်းကျင်းပရန် ယခုအစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

ဒီတော့ကာ ဒါတွေကို ကျနော်တို့ ဆက်တိုက်ပြုလုပ်မှာ ဖြစ်တဲ့အတွက် UPC ၂၁ ပင်လုံ အစည်းအဝေးကိုတော့ ဇူလိုင်လ ၁၀ ရက်ကနေ ၁၄ ရက်လောက် အကြားမှာ ကျနော်တို့ လုပ်နိုင်ရင်တော့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ဒီကနေ့ အစည်းအဝေးမှာ ကျနော်တို့ လျာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဖက်က စဉ်းစားထားတာပဲ ဖြစ်ပါတယ်၊ ကျနော်တို့ အစုအဖွဲ့ အသီးသီး ရှိတဲ့အတွက်ကြောင့်မိုလို့ ဒါတွေကို ကျနော်တို့ သက်ဆိုင်ရာ တွေနဲ့ ဆွေးနွေးပြီးတော့မှ ပြန်လည်ညှိနှိုင်းပြီးတော့မှ ရက်တွေကို ပြန်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဒီကနေ့အစည်းအဝေးမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်က ဒါပဲ ဖြစ်ပါတယ်။ဟု တိုင်းရင်းသား ခေါင်းဆောင်များ ဆုံးဖြတ်ချက်များကို ဥက္ကဌ ပူးဇင်ကျုံး မှ ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးတွင်လည်း စုံညီ အစည်းအဝေး၊ အကြောင်းအရာအလိုက် အစည်းအဝေး နှင့်  အစုအဖွဲ့လိုက် အစည်းအဝေး များ စသဖြင့် အဆင့်ဆင့် ပြုလုပ်သွားရန် ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့သည်ဟုလည်း ဆက်ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ အစည်းအဝေးတွင် အရေးအကြီးဆုံး ဆုံးဖြတ်ချက်များချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အခြေခံအားဖြင့် မူတွေ ချမှတ်ထားတာ ရှိပါတယ်။ ပထမကတော့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြည်းနိုင်တဲ့ သဘောတူညီမှုကို စုပေါင်းရယူရေး၊ နောက် ဒုတိယတော့ ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ နိုင်ငံရေး တိုးတက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်မှုကို ပေါ်လွင်စေရေး၊ နောက် တတိယတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူပြုနိုင်တဲ့ သဘောတူညီမှုကို ဖော်ဆောင်ရေး၊ နောက် စတုထ္တ ကတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းခြင်းများနဲ့ အချို့ကို အသုံးပြုပြီး တော့မှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တကယ်အကောင်အထည် မဖော်နိုင်တဲ့ သဘောတူညီချက် မရရှိရေးအတွက် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ ဟု ပူးဇင်ကျုံး မှ ပြောသည်။

ဇူလိုင်လလယ်ပိုင်းတွင် ကျင်းပရန် သဘောတူ ဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်၍ အစိုးရ နှင့် ပြန်လည်ညှိနှိုင်းသွားရန် လိုအပ်နေသေးကြောင်းလည်း ပူးဇင်ကျုံး မှ ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက်ရန် ဇွန်လ ၁၁ ရက်နေ့၌ ကျင်းပပြီးဆုံးခဲ့သည့် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟုလည်း ပြောသည်။