KNPP အား NCA ထိုးရန် အပစ်ရပ် အဖွဲ့များ တိုက်တွန်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၂ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အတူတကွ အကောင်အထည်ဖော်နိုင်ရန် NCA အပစ်ရပ် ခေါင်းဆောင်များက ဇွန်လ ၁၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့မှ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များနှင့် ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးရှိ KNPP ဌာနချူပ်တွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်သဘောတူထားသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင် မှ ပြောသည်။
KNPP နဲ့ တွေ့ဖို့ဆွေးနွေးတာကတော့ ကျနော်တို့ ဒီ KNPP က လက်မှတ်မထိုးသေးဘူး လက်မှတ်မထိုး သေးဘူးဆိုတော့ လက်မှတ်ထိုးသင့်တယ်ဆိုတဲ့ အကြောင်းကို သွားဆွေးနွေးမယ်၊ PPST သဘောထား ရှင်းပြမယ်၊ PPST သဘောထားကတော့ UNFC အဖွဲ့ဝင်တွေအနေနဲ့ လက်မှတ်ထိုးဖို့ လိုတယ်ဆိုတာကို ဆုံးဖြတ်ချက်ရှိတယ်၊ အဲ့ဒီ ဆုံးဖြတ်ချက်ချဖို့။ ပြီးတော့ရင် ၂ နှစ်ကျော် လက်မှတ်ထိုးပြီးတော့ ကြိုးပမ်းလာတဲ့ နောက်မှာ အားသာချက် အားနည်းချက် တွေကိုလည်း ရှင်းပြမယ်၊ အဲ့ဒီ အားသာချက် အားနည်းချက်တွေ ရှင်းပြပြီးတော့ အားသာချက်ကို ယူပြီးတော့ အားနည်းချက်တွေကို NCA မှာပါတဲ့ ပြဌာန်းချက်အတိုင်း ပလက်ဖောင်း တခုတည်းက ကြိုးပမ်းခြင်းအားဖြင့် အကျိုးရှိနိုင်တယ်ဆိုတာကို ဆွေးနွေးမယ်။ အဓိက အဲ့ဒါပဲ။
NCA အပစ်ရပ် လက်မှတ် မရေးထိုးရသေးသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် တွေ့ဆုံ ဆွေးနွေးရန် မေလကုန်ပိုင်း၌ ကျင်းပခဲ့သည့် ၂၀ ကြိမ်မြောက် PPST အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဦးခိုင်စိုးနိုင်အောင် မှ ဆက်ပြောသည်။
ထိုးတာ မထိုးတာ သူတို့သဘော ၊ ထိုးဖို့လိုတယ်၊ ထိုးခြင်းအားဖြင့် ပလက်ဖောင်း တစ်ခုထဲ ရောက်လာမယ်၊ ပလက်ဖောင်းတစ်ခုထဲ ရောက်လာတဲ့အခါမှာ ကြိုးပမ်းရတာ အထောက်အကူ အများကြီး ဖြစ်နိုင်တယ်၊ နောက်ပြီးတော့ NCA စာချုပ် အထွေထွေပြဌာန်းချက် ၃၄ မှာ NCA အားနည်းချက်ရှိလို့ရှိရင် စမ်းစစ်ဖို့ လိုလို့ရှိရင် နှစ်ဖက်ညှိနှိုင်းပြီးတော့ ပြင်နိုင်တယ်၊ အဲ့လို့ ညွန်းထားတယ်။ အဲ့ဒီ အပေါ်မှာ အခြေခံပြီးတော့ NCA စာချူပ်ကို ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတွေ အားလုံးကို အဲ့ဒီ ကြိုးပမ်းချက်တွေကို ရောက်လာလို့ရှိရင် အဲ့ဒီ ကြိုးပမ်းထားတာကနေပြီးတော့ အဲ့ဒီ အထွေထွေ ပြဌာန်းချက် ၃၄ အတိုင်း ဆက်ပြီးတော့ နှစ်ဖက်သဘောတူထားတဲ့အတိုင်း NCA စာချူပ်ကို ပြင်နိုင်တယ် အဲ့ဒီ ရည်ရွယ်ချက် ရှိတယ်။
NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးမည့် အဖွဲ့ကို PPST မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးခိုင်စိုးနိုင်အောင် မှ ဦးဆောင်၍ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ပဒို စောကွယ်ထူးဝင်း နှင့်အတူ အဖွဲ့ဝင် ၇ ဦး လိုက်ပါ၍ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် တခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့အနေဖြင့် ဆက်လက်တွေ့ဆုံဆွေးနွေး သွားရန် ရှိသည်ဟုလည်း ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး မှ ပြောသည်။
NCA ဆိုတာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ရည်ညွန်းတာ ဖြစ်ပါတယ်၊ အဲ့ဒီမှာ ကျနော်တို့ ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ PPST အနေနဲ့ ခံယူပါတယ်၊ အဲ့ဒီ အခြေခံအပေါ်မှာ ကျနော်တို့ ဒီ NCA ကို အားလုံး လက်မှတ်ထိုးနိုင်ရေးအတွက် PPST မှာ တာဝန်ရှိသလို ကျနော်တို့ ဒီ လက်မှတ်မထိုးရသေးတဲ့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့တွေ့ဖို့ရာလည်း ကျနော်တို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီတော့ကာ ကျနော်တို့ မြောက်ပိုင်း ၇ ဖွဲ့ရှိတယ်၊ ဒါတွေနဲ့လည်း ကျနော်တို့ တွေ့ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။