ပင်လုံအစည်းအဝေးသို့ KIO မှ ဗိုလ်ချုပ် ဂွမ်မော်တက်ရောက်မည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွ့ဲ KIO မှ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တက်ရောက်မည်ဟု KIO/KIA က ပြောသည်။

“ဗိုလ်ချုပ်ဂွမ်မော်တို့ သွားတယ်လို့ကြားတယ်။ လူကြီးပိုင်းတွေ ၃ ယောက်လောက်ထင်တယ်။ ဗိုလ်ချုပ်ဂွမ်မော်ရယ်၊ ဗိုလ်မှူးကြီးခွန်နောင်နဲ့ ဗိုလ်မှူးကြီး ဆင်ဝါးပေါ့” ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိမှုကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင် အမျိုးသားအဖွ့ဲချုပ် ULA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရား မျှတသောအမျိုးသားပါတီ MNTJP ကိုးကန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်း ချမ်းရေးနှင့်စည်းလုံးရေးကော်မတီ PSC မိုင်းလား နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ ပါဝင်သည်။

အစိုးရအနေဖြင့် KIO အပါအဝင် FPNCC အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးကို တစ်ဖွဲ့ချင်းဖိတ်ကြားထားသော်လည်း FPNCC တစ်ဖွဲ့လုံး အနေဖြင့် ဖိတ်ကြားထားခြင်း မဟုတ်ပေ။

“ဆွေးနွေးရင်တော့ FPNCC အဖွဲ့အစည်း ဆွေးနွေးမယ်လို့ပဲ ပြောတာ KIO တစ်ဖွဲ့ချင်းနှင့် ဆွေးနွေးမယ် ဆိုတာက တော့ ကျနော်တို့ ဘာမှမကြားထားဘူး။ ကျနော်တို့ကို ညွန်ကြားထားတာ လည်း မရှိပါဘူး။ ကျနော်တို့ သိသ လောက်က အဲလိုပဲ” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့ (ယနေ့) မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအထူးကိုယ်စားလှယ်နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် မြောက်ပိုင်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေပြီဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သည့် FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီ အစည်းအဝေးအတွင်း အစိုးရမှ တရားဝင်ဖိတ်ကြားလာပါက တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ အဖွဲ့ဝင်အားလုံး တက်ရောက် သွားမည်ဟု (FPNCC) က ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC သည် အစိုးရနှင့် NCA မဟုတ်သည့် အခြား လမ်းကြောင်းတစ်ခုဖြင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင် ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။