မိုးရွာသွန်းပြီး မြေပြိုမှုများကြောင့် ဖားကန့်တွင် လူအနည်းဆုံး ၁၄ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းနယ်မြေအတွင်း မြေပြိုမှုများကြောင့်  အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သေဆုံးသူ (၁၄) ဦးအထိ ရှိပြီ ဟု ဒေသခံများ က ပြောသည်။

“မိုးကြီးတဲ့နေ့က မြေလည်းပြို၊ လူတွေလည်းသေ၊ ဖော်ဖို့အခက်အခဲရှိတဲ့အလောင်းတွေထဲကတော့ မနေ့က တစ်လောင်းပြန်ရတယ်။ ဒီနေ့တော့ ဘာသံမှမကြားသေးဘူး။” ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးသောင်းဇံ က ပြောသည်။

မိုးပြင်းထန်စွာ ရွာသွန်းနေမှုတို့ကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများ၊ ကမ်းပါးပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“အတော်များများက လေးဆယ်ကျော်အရွယ်တွေပါပဲ။ အမျိုးသမီး အမျိုးသား အားလုံးပါတယ်။ အခု နောက်ပိုင်းရတဲ့အလောင်းတွေကတော့ ရေမဆေးတွေများတော့ ယောက်ကျားတွေများပါတယ်။ မိန်း ကလေးကတော့ (၄) ဦးပါတယ်။ အားလုံး (၁၀) ယောက်ကျော်ပြီ။ အလောင်းရထားတာ စုစုပေါင်း ကတော့ (၁၄) ယောက် ရှိတယ်။  အဲ့ထဲမှာ အသက် နှစ်နှစ်အရွယ်ကလေးလေး တစ်ယောက်လည်း ပါတယ်” ဟု ဦးသောင်းဇံက ဆက်ပြောသည်။

လူပျောက်ဆုံးမှုများလည်း ရှိနေပြီး ဖားကန့်မြို့နယ်အတွင်း ဇွန်လ ၂၂ ရက်နေ့မှ စတင်ကာ မိုးပြင်းထန်စွာ ရွာသွန်းခဲ့ပြီး အိမ်ခြေ ၆၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကာ လမ်းများပါ ပျက်ဆီးခဲ့သည်ဟု ဦးသောင်းဇံက ဆက်ပြောသည်။

“တချို့လည်း ရေထဲ၊ ချောင်းထဲကျလို့ ပြန်ပေါ်လာတာရှိသလို ဝှန်းကနဲ့ မြေကြီးထဲ ကျသွားတာမျိုး၊ ကမ်းပါးပြိုတဲ့အချိန်ပါသွားတာမျိုးက ဘိလပ်မြေဖျော်သလို ဖျော်လောင်းလိုက်လို့ ဟိုးအောက်ထဲ ကျသွားတာမျိုးနဲ့ မပေါ်နိုင်တော့တဲ့အလောင်းတွေလည်း ရှိနိုင်တယ်။ အိမ်ပြိုပြီး ပိပြီးသေတာတွေကလည်း ဟိုနားနှစ်ယောက်၊ ဒီနားသုံးယောက်နဲ့လေ ဘယ်လောက်လောက် ပျောက်နေလဲဆိုတာ မခန့်မှန်းနိုင်ဘူး။ အခုရထားတဲ့အလောင်းတွေထဲမှာလည်း ပိုင်ရှင်မဲ့တွေ အများကြီးလေ။ ထိခိုက် ဒဏ်ရာရတာကလည်း ၇ ဦး ၈ ဦးလောက်ရှိတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်၊ မှော်ဝမ်း၊ ဆိမ့်မူ၊ ဖားပြင်၊ ဝှေခါ၊ ဖားကန့်၊ လုံးခင်း စသည့်ဒေသများတွင် ဇွန်လ ၂၂ ရက်နေ့မှစတင်ပြီး မိုးကြီးခဲ့သည့်အတွက် တပြိုင်တည်း ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုခြင်း၊ အိမ်ပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဥရုချောင်းလည်း ရေကြီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံ ဦးနော်တောင်က  ဒီနေ့တော့ နေသာတယ်ပေါ့နော်။ ဒါပေမယ့် နေ့လည်လောက်က မိုးနည်းနည်းထပ်ရွာတော့ ကျွန်တော်တို့က စိုးရိမ်တယ်။ ဥရုချောင်းလည်းအခုတော့ ပုံမှန်တော့ ပြန်ဖြစ်နေပြီ။ လမ်းတွေလည်း အကုန်ပျက်၊ ကျွန်တော့်အိမ်ဆို မြေတွေပြိုတယ်။ အိမ်တွေက အလုံးလိုက် ပါတာတွေရှိသလို တချို့ဆိုလည်း တဝက်ပြိုတာတွေရှိတယ်။ အခုတောင် အိမ်နားက ကမ်းပါတွေ ပြိုကျနေတာ။ မိုးရွာမှာပဲ စိုးရိမ်နေရတယ်” ဟု ပြောသည်။

ဖားကန့်မြို့ ၊ ရှဒူးဇွပ်ကျေးရွာတွင်လည်း ယမန်နေ့က မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့သည့် အတွက် ဖားကန့်-မြစ်ကြီးနားလမ်းပေါ် ရေများတက်လာသည့်အတွက် ခရီးသွားပြည်သူများ လမ်းတွင် အိပ်ခဲ့ရသည်ဟု မြစ်ကြီးနားဒေသခံ ဦးဇီဆာက ပြောသည်။

“ဒီ ဖားကန့်မြို့၊ ရှဒူးဇွပ်ကျေးရွာမှာပါ။ မနေ့က တရက်လုံး ရေကြီးတော့ ပြန်လို့မရဘူး။ လမ်းမှာအိပ်ရတာ။ ဒီနေ့ အခုနကမှ မြစ်ကြီးနားကို ပြန်ရောက်တယ်။ ခရီးသည်တွေအားလုံး ဖားကန့်သွားတဲ့လူရော၊ မြစ်ကြီးနားသွားတဲ့လူတွေရော လမ်းမှာအိပ်ရတယ်” ဟု ဦးဇီဆာ က ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ်၊ ဆိမ့်မူကျေးရွာတွင် ပြီးခဲ့သည့် မေလက ဖြစ်ပွားခဲ့သည့် မြေစာပြိုကျမှုကြောင့် လူဦးရေ ဆယ်ဦးကျော် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းနယ်မြေအတွင်း နှစ်စဉ် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းတို့ကြောင့် ဒေသခံများ၊ မှော်လုပ်သားများ၊ ရေမဆေးရှာဖွေသူများ မကြာခန အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။