စစ်ရှောင်စခန်း ပိတ်သိမ်းမှုများ ရပ်တန့်ရန် အရပ်ဖက်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၊ IDPs စခန်းများအား ပိတ်သိမ်းရန် အစိုးရက ဦးဆောင် ဆောင်ရွက်နေမှုများ ရပ်တန့်ထားရန် အရပ်ဘက်လူမှုအဖွဲ့ အစည်း (၁၀၈) ဖွဲ့ က တောင်းဆိုလိုက်သည်။

“အစိုးရအနေနဲ့ လက်ရှိ IDPs စခန်းတွေကို ပိတ်သိမ်းမယ်ဆိုတာက ဒီဆုံးဖြတ်ချက်က လက်တွေ့ မကျသေးဘူးပေါ့နော်။ အဓိကကတော့ IDPs ဖြစ်လာရတဲ့ ပြဿနာ အရင်းအမြစ်ကို အရင်ဆုံး ဖြေရှင်းသင့်တယ်။ အဲ့ဒါကို အဓိက ထည့်သွင်းစဉ်းစားရမယ်ဆိုတာကို အဲ့ဒီအတွက်က အစိုးရက ဒီအပေါ် မှာ ပြန်လည်သုံးသပ်ပြီးတော့မှ စဉ်းစားနိုင်ဖို့ပါ။ အဓိက ရည်ရွယ်ချက်ကတော့” ဟု အီးတူထ ပြည်တွင်း နေရပ်စွန့်ခွာ လူထုကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ပဒိုမန်းမန်း က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ IDPs စခန်းများ ပိတ်သိမ်းရေး မဆောင်ရွက်ခင် ပြဿနာ၏ အဓိက အကြောင်းအရင်းများကို အစိုးရအနေဖြင့် ပထမဦးစားပေး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း၊ ဆယ်စုနှစ်များစွာကြာ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်၏ အဓိက အကြောင်းများကို အလေးထား ဖြေရှင်းသင့်ကြောင်း ဇွန်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် အစိုးရအား ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် IDP စခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာစီမံချက် ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် (၄) ခုမှ IDPs စခန်းများကို နိုင်ငံတော် အစီအစဉ်ဖြင့် ပိတ်သိမ်းသွားရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီးတူထ ပြည်တွင်း နေရပ်စွန့်ခွာ လူထုကူညီထောက်ပံ့ရေး ကော်မတီအပါအဝင် အရပ်ဖက်လူမှုအဖွဲ့ အစည်း (၁၀၈) ဖွဲ့က အစိုးရနှင့် တပ်မတော်တို့အား ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“နံပါတ်တစ်တချက်ကတော့ IDPs နေရာမှာရှိတဲ့ အကူအညီတွေပေါ့နော်၊ အထူးသဖြင့် ဒီ NGOs တွေ ရော၊ လူမှုအဖွဲ့အစည်းတွေရော၊ UN တွေရော၊ ကူညီထောက်ပံ့မှုတွေကို အစိုးရကနေပြီးတော့မှ ပိတ်ပင်တာမျိုးမလုပ်ပဲနဲ့ လမ်းဖွင့်ပေးဖို့လိုမယ်။ လိုအပ်လာရင် အစိုးရဘက်ကပါ ကူညီပံ့ပိုးဖို့လိုမယ်။ အဲ့ဒါ ပထမအဆင့်ပေါ့နော်။ ဒုတိယအချက်ကတော့ တိုက်ပွဲတွေကို ရပ်တန့်ထားဖို့ပေါ့နော်။ ထိုးစစ်တွေကို ရပ်တန့်ထားဖို့၊ ဒါက စစ်တပ်ဘက်ကပေါ့နော်” ဟု ပဒိုမန်းမန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာကာ IDPs များ၊ ဒုက္ခသည်များအနေဖြင့် တိုးပွားလာနေရခြင်း၏ အဓိကပြဿနာမှာ အစိုးရတပ်မတော်မှ တိုင်းရင်းသား ဒေသများတွင် စစ်အင်အားတိုးချဲ့နေမှုများ၊ ထိုးစစ်ဆင်နေမှုများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေမှု များကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသော ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ အကူအညီများ ရပ်တန့် နေပြီး ဒေသခံအာဏာပိုင်အဆင့်ဆင့်ကလည်း ဒုက္ခသည်များအား ပံ့ပိုးမှုအစီအစဉ်များကို ပိတ်ပင်မှု များ ရှိနေသည့်အတွက် အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကိုလည်း အလေးထား ဖြေရှှုင်းပေးရန် လို အပ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

“တတိယအချက်ကတော့ ဒီ IDPs ကို ကူညီဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုစီမံဆောင်ရွက်တဲ့ နေ ရာမှာပဲဖြစ်ဖြစ် အခုနကပြောတဲ့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုတဲ့ ကိစ္စအဝဝကိုတော့ လက်ရှိ ရှိထားပြီးသား ဒေသခံလူမှုအဖွဲ့အစည်းတွေရော၊ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော တော်လှန်ရေးအဖွဲ့အစည်းတွေရော ဒါတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ လိုပါ လိမ့်မယ်”

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လယ်မူပလောဒေသတွင် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန် ပဋိပက္ခနောက် ဆက်တွဲအဖြစ် ဒုက္ခသည်ပေါင်း(၂,၄၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရသည်မှာ ယနေ့ထိဖြစ်သည်။

အလားတူ ကချင်ပြည်အတွင်းတွင်လည်း ၂၀၁၁ ခုနှစ်မှ တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူ (၁၂၀၀၀၀) ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ၂၀၁၈ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲများ၊ ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာလာသည့် IDP ဒုက္ခသည်ပေါင်း (၇၀၀၀) ကျော်ရှိနေသည်ဟု အရပ်ဘက်လူမှု အဖွဲ့ အစည်း (၁၀၈) ဖွဲ့ က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ကြေငြာချက်ထဲတွင် ဖော်ပြထားသည်။