ထောင်ချခံထားရသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ကျန်းမာရေး မကောင်း၍ ဆေးရုံပို့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
စစ်အုပ်စုက ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားသည့် ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကျန်းမာရေး အခြေအနေ ဆိုးရွားလာသဖြင့် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့ရကြောင်း နီးစပ်သူများက ပြောသည်။
လာမည့် မေလ ၁၀ ရက်နေ့တွင် အသက် ၇၂ နှစ် ပြည့်တော့မည့် ဝန်ကြီးချုပ်သည် အာရုံကြောရောဂါ၊ ခဏ ခဏဖျားနာသည့် ဝေဒနာနှင့် အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ဘားအံဆေးရုံကြီးတွင် ၅ ရက်ခန့် တက်ရောက်ကုသခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား ဘားအံအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ထားသော်လည်း ထောင်တွင်း၌ ဆေးကုသမှု များ ဆက်လက်ခံယူနေရဆဲ ဖြစ်သည်။
ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “ထောင်ထဲမှာ ကျန်းမာရေး ခဏခဏ ဖောက်နေတာကို မိသားစုရော အားလုံးရောက စိုးရိမ်နေကြတာဗျ။ ဆေးရုံမှာတော့ ကုပြီး အခုက ထောင်ထဲ ပြန်ပို့လိုက်ပေမဲ့ အာရုံကြောရောဂါနဲ့ အစာအိမ်ဝေဒနာတွေက အမြဲတမ်း စောင့်ကြည့်ကုသဖို့ လိုနေတာဗျ” ဟု ပြောသည်။
ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအား စစ်တပ်က အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၈၀ အထိ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုများတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ၌ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ နိုဝင်ဘာလတွင် အဂတိလိုက်စားမှုဖြင့် ၇၅ နှစ်နှင့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်ဖြင့် ၃ နှစ်တို့ ပါဝင်သည်။
သို့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တပ်က ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့ပေးခဲ့သဖြင့် လက်ရှိတွင် ထောင်ဒဏ် နှစ် ၄၀ ကို ဆက်လက်ကျခံနေရခြင်း ဖြစ်သည်။
မိသားစုနှင့်နီးစပ်သူ တစ်ဦးက “အခုကတော့ ထောင်ထဲမှာပဲ ဆရာဝန်တွေက ဆက်ပြီး ကြည့်ပေးနေရတယ် ပေါ့နော်။ ခေါင်းမူးခေါင်းကိုက်တာအပြင် မကြာခဏလည်း ဖျားတတ်တော့ အပြင်ဆေးရုံမှာ သေချာ ထိထိ ရောက်ရောက် ကုသခွင့်ရစေချင်တာကတော့ အားလုံးရဲ့ ဆန္ဒပါပဲ” ဟု ပြောသည်။
၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သလို၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်မှုများကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ သူတစ်ဦး ဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးချုပ်အား သင့်တော်သည့် ဆေးဝါးကုသခွင့်ပေးရန်နှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင် များနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က တောင်းဆိုထားသည်။