သံလွင်မြစ်ကြောင်းမှ ဒေသခံများအား  အာဆင်းနစ် ပါဝင်မှု စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်။ 

မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ သံလွင်မြစ်ရေတွင် အဆိပ်သင့်ဓာတ်ပစ္စည်းများ ပါဝင်နေခြင်းရှိမရှိ စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီးနောက်၊ မြစ်ကမ်းတစ်လျှောက် နေထိုင်ကြသော ဒေသခံပြည်သူများအား အာဆင်းနစ် (Arsenic) ဓာတ်ရောင်ခြည်သင့်မှု ရှိ၊ မရှိ ဆီးနမူနာများရယူ၍ ကျန်းမာရေးတာဝန်ရှိသူများက စတင်စစ်ဆေးနေပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ ၂၀၂၅ ခုနှစ်နှောင်းပိုင်း အစီရင်ခံစာအရ သံလွင်မြစ်၏ အချို့နေရာများတွင် အာဆင်းနစ်ပါဝင်မှုနှုန်းသည် ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှုစံနှုန်းထက် ငါးဆခန့်အထိ ပိုမိုမြင့်မားနေကြောင်း ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ 

ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ စမ်းသပ်ချက် ၁၃ ခုကို ထပ်မံစစ်ဆေးခဲ့ရာတွင်လည်း အာဆင်းနစ်ပါဝင်မှုနှုန်းမှာ သတ်မှတ်စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း တွေ့ရှိခဲ့ရသည်။

မေလ ၆ ရက်နေ့တွင် ရောဂါထိန်းချုပ်ရေးဦးစီးဌာန၊ ဒေသန္တရပြည်သူ့ကျန်းမာရေးရုံးများနှင့် ဆေးရုံများမှ တာဝန်ရှိသူများသည် သံလွင်မြစ်နှင့် ထိစပ်နေသော သုမွဲ (Sob Moei) နှင့် မယ်စရင်း (Mae Sariang) မြို့နယ်များရှိ ဒေသခံများအား အာဆင်းနစ်နှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

သူးမွဲမြို့နယ်၊ မယ်ဆမ်လက် (Mae Sam Laep) ကျေးရွာအုပ်စု စီမံခန့်ခွဲရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် Mr. Phongphipat Meebenjamat ၏ ပြောကြားချက်အရ အဆိုပါ စစ်ဆေးမှုလုပ်ငန်းများတွင် ချင်းမိုင်အခြေစိုက် အမှတ် (၁) ဒေသဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးရုံး၊ အသက်မွေးဝမ်းကျောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါဌာနစု၊ သုမွဲဆေးရုံနှင့် သံလွင်မြစ်စောင့်ကြည့်ရေး စေတနာ့ဝန်ထမ်းအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။ 

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုကို မယ်ဆမ်လက်ကျေးရွာအုပ်စု စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်ခဲ့ပြီး (Ban Tha Ta Fang) (Ban Mae Sam Laep) နှင့် (Ban Sob Moei) ကျေးရွာများမှ ဒေသခံများကို အဓိကထား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စစ်ဆေးမှုတွင် ဒေသခံ ၉၉ ဦး၏ ကျန်းမာရေးမှတ်တမ်းများနှင့် ဆီးနမူနာများကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စုဆောင်းခဲ့သည်။ 

သို့ရာတွင် ဘတ်ဂျက်ကန့်သတ်ချက်နှင့် စစ်ဆေးစရိတ် မြင့်မားမှုကြောင့် ထိခိုက်ခံစားရသည့် ရွာသူရွာသားအားလုံးကိုမူ စစ်ဆေးပေးနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေများကို လာမည့် ၃ လအတွင်း သိရှိရမည်ဟု ခန့်မှန်းထားသည်။ 

သံလွင်မြစ်ကို နေ့စဉ်အသုံးပြုခြင်းနှင့် သောက်သုံးရေအဖြစ် နှစ်ရှည်လများ မှီခိုနေရသော သုမွဲနှင့် မယ်စရင်းမြို့နယ်ရှိ ဒေသခံများမှာ မြစ်ရေညစ်ညမ်းမှုကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် အလွန်အမင်း စိုးရိမ်လျက်ရှိကြသည်။