ဟော်မုဇ်ရေလက်ကြား’Project Freedom’ စစ်ဆင်ရေးကို သမ္မတထရန့် ခေတ္တရပ်နား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ပိတ်မိနေသော ကုန်သွယ်ရေးသင်္ဘောများကို စစ်ရေးအရ အကာအကွယ်ပေးမည့် “Project Freedom” စစ်ဆင်ရေးကို နှစ်ရက်အကြာတွင် ခေတ္တရပ်နားကြောင်း ကြေညာခဲ့သည်။
အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ရန် ဆွေးနွေးမှုများ တိုးတက်လာခြင်းကြောင့် ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်တာဝန်ရှိသူများသည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ မျက်နှာစုံညီ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိကာ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနေသည်။
အဆိုပါ ငြိမ်းချမ်းရေး အလားအလာများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာလည်း ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျဆင်းလျက်ရှိသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အမေရိကန်အနေဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်မည်မဟုတ်ဘဲ ခုခံကာကွယ်ရေးကိုသာ အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။