ရှမ်းမြောက် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာကွန်ရက်။
ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အခြေခံ အစားအသောက်များအပြင် ကျန်းမာရေး အကူအညီများ အဓိက လိုအပ်နေသည်ဟု သွားရောက်ကူညီသူများက ပြောသည်။

“အဓိက လိုအပ်နေတာကတော့ ဆန်၊ ဆီ၊ ဆားတွေပါပဲ။ မန်စံဖက်မှာကတော့ ကူပေးတဲ့အဖွဲ့တွေ ရှိတာပေါ့နော။ အဓိက မန်လီနဲ့ မန်ကျန်းမှာကျတော့ ကူမယ့်လူတွေ သိပ်မရောက်သေးဘူးပေါ့နော ကျွန်မတို့ကတော့ မန်လီနဲ့ မန်ကျန်းနဲ့ကို အဓိကသွားတာ ဒီနေ့သွား ပြီးကူတာတွေ ရှိတယ်။ သူတို့ရဲ့ အခြေခံစားသောက်စရာတွေ သူတို့ လိုအပ်တဲ့ဟာတွေပေါ့နော် ဒီ ဆန် ဆီ ဆားတို့ ကုန်ခြောက်တွေတို့ အမျိုးသမီး အသုံးအဆောင်တွေတို့ သွားပြီးကူညီထားတာရှိတယ်” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှတ်တမ်းနှင့် သုတေသနဌာနအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ နမ္မတူမြို့နယ် နမ့်ဆီလင်း၊ မန်ဆာ၊ ပန်ကြက်၊ ပန်လုံ၊ မန်ကျန်း ကျေးရွာများမှ ဒေသခံများဖြစ်သည်။ သီပေါမြို့နယ်ရှိ မိုးတေဘုန်းကြီးကျောင်းတွင် ၄၀၀ ကျော် နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာဘုန်းကြီးကျောင်းတွင် ၆၁၄ ယောက်နှင့် မန်လီကျေးရွာ ဘုန်းကြီးကျောင်းတွင် ၇၀၀ ယောက်ရောက်ရှိနေသည်ဟု သိရသည်။

မိုးတေဘုန်းကြီးကျောင်းနှင့် မန်စံဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အသင်းအဖွဲ့များမှ ကူညီပံ့ပိုးမှုများရှိသော်လည်း မန်လီဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ မရရှိသေးသည့်အတွက် ခက်ခဲမှုများရှိနေသည်ဟု TWO က ပြောသည်။

“တခြားဘယ်အဖွဲ့မှ မလာသေးဘူး မလာသေးတဲ့အခါကျတော့ မနက်ကသိတဲ့အခြေအနေကတော့ ၃၀၀ ကျော်ပဲ ကျွန်မတို့က သွားကူလိုက်တာဆိုတော့ သွားကူတဲ့အပေါ်မှာတော့ ၂ ရက်စာလောက်ပဲ လောက်မှာ ပေါ့နော်။ ဒီ လူဦးရေ ၇၀၀ လောက်ဆို တကယ်လို့ အဲထက်ကျော်တယ်ဆိုရင်တော့ သူတို့ အစားအသောက်တွေ လိုမှာပေါ့နော အမျိုးသမီးတွေလည်း အများကြီးပါတယ်ဆိုတော့ အမျိုးသမီး အသုံးအဆောင်တွေ စောင်တွေ အိပ်ရာခင်းတွေ သူတို့ဆီမှာလည်း သောက်ဖို့ သောက်ရေသန့်တွေ လိုအပ်တယ်” ဟုပြောသည်။

ထို့ပြင် နမ္မတူမြို့နယ် မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိသည့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများမှာ သွေးတိုးရောဂါကို ခံစားနေရသည့်အတွက် ဆေးဝါးများလည်း လိုအပ်နေပြီး လူဦးရေများပြားနေသည့်အတွက် အိမ်သာမလုံလောက်မှုများလည်း ရှိနေသည် ဟု TWO က ပြောသည်။

တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များအတွက် အကူအညီများ ယခုထက် လိုအပ်လာနိုင်သည်ဟု အဆိုပါ တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှတ်တမ်းနှင့် သုတေသနဌာနအဖွဲ့မှ တာဝန်ခံက ဆက်ပြော သည်။

“အကယ်၍ ဆက်ပြီးတော့ တိုက်ပွဲတွေက ကြာအုံးမယ်ဆိုရင်တော့ သူတို့ရဲ့ နေရေးထိုင်ရေးအတွက် အခက်အခဲ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနေရတာက ဘုန်းကြီးကျောင်းမှာပေါ့နော ဖြစ်သလိုနဲ့ နေရတဲ့ အနေအထားမှာတော့ရှိတယ်။ အဲလိုဆိုလို့ရှိရင် စားသောက်စရာတွေ မကဘူးပေါ့နော နေရာထိုင်ခင်း အဝတ် အထည်တော့ လိုလာအုံးမှာပေါ့နော။”

၎င်းစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှင့်တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။

ဇူလိုင်လ ၁၇ ရက် (ယမန်နေ့)က လက်နက်ကြီးသံများကို ကျေးရွာကနေ ကြားနေရသော်လည်း ဇူလိုင်လ ၁၈ ရက် (ယနေ့) တွင် ပစ်ခတ်သံများကို မကြားရပဲ ငြိမ်သက်နေသည်ဟု မန်စံဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိပါက စစ်ဘေးရှောင်လာသည့် ဒေသခံများမှာ ၎င်းတို့ နေထိုင်ရာ ကျေးရွာသို့ ပြန်သွားကြမည်ဟု သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်းကို ရှောင်ရှားပေးကြပါရန် နှင့် မြေမြုပ်မိုင်းများအား ကျေးရွာအနီးအနားတွင် ထောင်ထားခြင်း မပြုလုပ်ပေးရန် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO ကတောင်းဆိုသည်။