ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO၊ RCSS/SSA တို့ အလွတ်သဘောတွေ့ဆုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့နှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရန်အပါအဝင် ပဋိပက္ခများကို NCA လမ်းကြောင်းထဲမှ ဖြေလျှော့နိုင်ရန် နည်းလမ်းရှာသည့် သဘောဖြင့် ဇူလိုင်လ ၂၀ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
ငြိမ်းချမ်းရေးကော်မရှင်သည် KIO နှင့် မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး RCSS/SSA နှင့် နေ့လည်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို ဖြေလျှော့နိုင်ရန် အဓိကထား ဆွေးနွေးသွားမည့် အနေအထားတွင်ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက သတင်းနှင့်မီဒီယာ ကွန်ရက်သို့ ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုထားသည်။
“သူတို့ ပစ်တာခတ်တာတွေ မရှိစေချင်တော့ဘူးပေါ့ဗျာ။ အဲဒါကတော့ သေချာပါတယ်။ ဒါပေမယ့် အခုကြည့် နေလို့ရှိရင်တော့ RCSS နဲ့ ခဏခဏတိုက် နောက်ပြီးတော့ KIA နဲ့ကလည်း တိုက်တာတွေက ပြန်ဖြစ်လာတယ်။ အဲဒါတွေကြောင့်မို့လို့ ဒါတွေက သူတို့ဆွေးနွေးကြမယ် အဲဒါတွေတော့ မှန်းဆလို့ရတာပေါ့။”
အဆိုပါ တွေ့ဆုံပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ဒေါက်တာလဂျာ၊ ဗိုလ်မှူးလအောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင် PC ဖက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ဇော်ဦးနဲ့အတူ ဒုစရဖမှူး ဗိုလ်ချုပ်သန်းထွဋ်သိန်း၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ တို့ လာရောက်ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် အပါအဝင် ဗိုလ်မှူးကြီး စိုင်းငင်း၊ နိုင်ငံရေးအကြံပေး စဝ်ခွန်ဆေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယနေ့တွေ့ဆုံပွဲတွင် အလွတ်သဘောတွေ့ဆုံမှု ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်ခြင်းမရှိဟု သိရသည်။