ကျောက်မီးသွေးသုံး ခနောက်စိမ်းကြိတ်ခွဲ စက်ရုံများ ပိတ်ပေးရန် ဒေသခံများ ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။
မော်လမြိုင်စက်မှုဇုန်အတွင်းမှ အနံ့ဆိုးထွက် ကျောက်မီးသွေးသုံး ခနောက်စိမ်းစက်ရုံများ ပိတ်သိမ်းပေးရေး စက်ရုံပတ်ဝန်းကျင်းရှိ ဒေသခံ ၂၀၀ ကျော်တို့က ဇူလိုင် ၂၂ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လမြိုင်စက်မှုဇုန်တွင် ကျောက်မီးသွေးဖြင့် စမ်းသပ်လည်ပတ်နေသည့် ခနောက်စိမ်းသတ္တု ကြိတ်ခွဲသန့်စင် စက်ရုံတို့ကြောင့် ဒေသခံများ ခံစားနေရသည်ကို နိုင်ငံတော်သမ္မတထိ သိရှိနိုင်ရန် ယခုလို ဆန္ဒပြရခြင်းဖြစ်သည် ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇော်ဇော်ဟန်က ပြောသည်။
“အနံ့ဆိုးထွက်လို့ ပြည်သူတွေ ခံစားနေရတယ်၊ ဒီစက်ရုံကို ဒီစက်ရုံနယ်မြေမှာမရှိစေချင်ဘူး တခြားနေရာကို ပြောင်းရွှေ့စေချတယ်၊ ခနောက်စိမ်းစက်ရုံက အနံ့က တော်တော်ဆိုးတယ်၊ ဒေသခံလူထုတွေ ကျန်းမာရေး ထိခိုက်တဲ့အနေအထားဖြစ်နေတယ်၊ စက်ရုံက လွှတ်ထုတ်လိုက်တဲ့ အငွေ့တွေက အနီးနားပတ်ဝန်းကျင်းက တော်တော်လေးကို အနံ့နံနေပါတယ်ဆိုတာကို တိုင်ခဲ့တယ်၊ ပြောခဲ့တယ် ဒါပေမယ့် အစိုးရက မနံပါဘူး၊ စက္ကန့်ပိုင်းပဲ နံပါတယ်လို့ပြောတယ်၊ ကျွန်တော်တို့ ခံစားနေရတာက စက္ကန့်ပိုင်းမဟုတ်ဘူး တစ်နေ့လုံး တစ်ညလုံးနံတယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတထိ သိအောင်လို့ ဆန္ဒထုတ်ဖော်တာပါ” ဟု ပြောသည်။
ကျောက်မီးသွေးသုံး ခနောက်စိမ်းစက်ရုံများကို ကန့်ကွက်ကြောင်းနှင့် ပိတ်သိမ်းပေးရန် လက်မှတ်များ ကောက်ယူပြီး နိုင်ငံတော် သမ္မတထံ တင်ပြသွားမည်ဟု ပြောသည်။
မော်လမြိုင်စက်မှုဇုန်မှ အနံ့ပေါင်းစုံ ထွက်နေသော်လည်း ခနောက်စိမ်းစက်ရုံမှ ထွက်သည့်အနံ့နှင့် မတူကြောင်း ခနောက်စိမ်းစက်ရုံမှထွက်သည့်အနံ့သည် ဆိုးရွားကြောင်း၊ ရှုရှိုက်မိလျှင် အသက်ရှုကြပ်ခြင်း၊ လည်ပင်းခြောက်ခြင်း၊ ခေါင်းမူးခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်းအစရှိသည့် ဝေဒနာများ ခံစားရသည်ဟု ဒေသခံများက ပြောသည်။
“ကျွန်တော်တို့က စက်ရုံအနားမှာနေတယ်၊ အနံ့ဆိုးတွေ ခံစားရတယ်၊ အနံ့က ၂၄ နာရီရနေတော့ အန်တာတွေ နေမကောင်းတာတွေဖြစ်တယ်၊ ကျွန်တော်တို့ ဖြစ်စေချင်တာက အနံ့ဆိုးမထွက်အောင် လုပ်ပေးဖို့ပါ” ဟု ဆန္ဒ ပြရာတွင်ပါဝင်သည့် ဒေသခံ ဦးသောင်းတင်က ပြောသည်။
ဆန္ဒပြသူများသည် အနံ့ဆိုးထွက် ကျောက်မီးသွေးသုံး ခနောက်စိမ်းစက်ရုံ အလိုမရှိ၊ ခနောက်စိမ်းသန့်စင်စက်ရုံ အား လည်ပတ်ခွင့်ပြုသော တာဝန်ရှိသူများ အဂတိကင်းရှင်းမှု ရှိ မရှိ ဖော်ထုတ်စစ်ဆေး အရေးယူပေးရေး ဒို့ အရေး၊ စက်မှုဇုန် ပတ်ဝန်းကျင်နေ ပြည်သူများအား နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ ဒေသခံပြည်သူ အကျိုးအတွက် ကူညီပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံတို့ဖြင့် စက်မှုဇုန်ရှေ့ ကားလမ်းတစ်လျှောက်တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံများအနက်မှ အရှေ့ မြောက်ဆင်ဖြူ တော် ခနောက်စိမ်းစက်ရုံကို ၂၀၁၇ ခုနှစ် အောင်တိုဘာ ၂ ရက်နေ့ကလည်းကောင်း၊ မြန်မာရှင်းရှင်း ခနောက်စိမ်းစက်ရုံကို နိုဝင်ဘာ ၂၀ ရက်နေ့ကလည်းကောင်း စမ်းသပ်လည်ပတ်ရန် ပြည်နယ်အစိုးရက ခွင့်ပြုထားခဲ့သည်။
“စက်ရုံနဲ့ ပတ်သက်ပြီး အနံ့ထွက်တယ် တစ်ခုခုဖြစ်သွားတယ်ဆိုရင် လာပြောပါ၊ အမတို့ အားလုံးဖြေရှင်းပေး မယ်၊ အမတို့လုပ်ငန်းက အသေးစားလုပ်ငန်းပါ အနံ့မထွက်အောင် သေချာလုပ်ထားတယ် အစိုးရဘက်က ညွှန် ကြားထားတာကိုလည်း လုပ်နေတယ် အားလုံးပြီးသွားရင် လူထုကိုချ ပြမယ်” ဟု မြန်မာရှင်းရှင်းခနောက်စိမ်း စက်ရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရတနာလင်းအောင်က ပြောသည်။
ခနောက်စိမ်းသတ္တု ကြိတ်ခွဲသန့်စင်စက်ရုံတို့မှ အနံ့ဆိုးများထွက်နေခြင်းကို ထိန်းချုပ်ဖို့ ကုမ္ပဏီကို ညွှန်ကြားထားပြီး လိုက်နာမှုမရှိလျှင် အရေးယူသွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဇူလိုင်လ ၁၀ ရက်နေ့က ပြောခဲ့သည်။
မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ၆ ခု ရှိပြီး ယခင်အစိုးရလက်ထက်က စက်ရုံတစ်ခုကို စမ်းသပ်လည်ပတ်ခွင့် ပြုပေးခဲ့ရာ အဆိုပါစက်ရုံစမ်းသပ်လည်ပတ်စဉ် စက်ရုံပတ်ဝန်းကျင်ရှိ ဒေသခံ အချို့ မူးမေ့ခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ထိုအချိန်မှစပြီး ခနောက်စိမ်းစက်ရုံ အားလုံးကို ပြည်နယ်အစိုးရက ရပ်နားခိုင်းထားခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် ပြန်လည် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။