မွန်နိုင်ငံရေး ပါတီ နှစ်ခု ပေါင်းစည်း
သတင်းနှင့် မီဒီယာကွန်ရက်။
ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။
မွန်နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ အပြီးသတ်ပေါင်းစည်းပြီ ဖြစ်ကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်များက ပြောသည်။
AMDP နှင့် MNP ပါတီတို့ အပြီးသတ်ပေါင်းစည်ရန် ဇူလိုင် ၂၁ ရက်နေ့က နှစ်ဘက်ပါတီတို့မှ ထိပ်သီးကိုယ်စားလှယ် ၅ ဦးစီပါသည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ပေါင်းစည်းရေးကို သဘောတူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“နှစ်ပါတီက ပေါင်းစည်းသွားပြီ။ မှတ်ပုံတင် မတင်ရုံသာပဲရှိတယ်၊ ဘာလို့လဲဆိုတော့ ပါတီသစ်အတွက် CC, CEC (ဗဟိုကော်မတီ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ) တွေ အားလုံး ရွေးချယ်သတ်မှတ်ပြီးပြီ ဥက္ကဌ၊ အတွင်းရေးမှူးလည်း သတ်မှတ်ပြီးသား အားလုံးသဘောတူ ပြီးသားဆိုတော့ နှစ်ပါတီက ပေါင်းစည်းပြီးသား မှတ်ပုံမတင်ရသေးတာပဲရှိတော့တယ်” ဟု ပါတီသစ်၏ တွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။
ပေါင်းစည်းပြီးပါတီအား ဦးဆောင်ရန်အတွက် ဥက္ကဌ နိုင်တင်အောင်၊ ဒု-ဥက္ကဌ (၁) နိုင်လှအောင်၊ ဒု-ဥက္ကဌ (၂) နိုင်ငွေသိန်း၊ ဒု-ဥက္ကဌ (၃) နိုင်ချမ်းတွဲ့ ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမ၊ (၂) နိုင်စံတင်၊ (၃) နိုင်စိုးမြင့် (၄) နိုင်သန်းရွှေ (၅) ဒေါက်တာမင်းကြည်ဝင်းနှင့် ဗဟိုအလုပ် အမှုဆောင် ၄၄ ဦး၊ ဗဟိုကော်မတီဝင် ၁၀၀ ဦး တို့ ဖြင့် တာဝန်ခွဲဝေပေးထားသည် ဟု သိရသည်။
ပေါင်းစည်းပြီးပါတီအတွက် အမည်ကို လောလောဆယ်တွင် မသတ်မှတ်ရသေးပဲ ပြည်သူလူထုက အကြံပြုလာသည့် အမည်များထဲမှ ပါတီအမည်သစ် တစ်ခုကို ရွေးချယ်သတ်မှတ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
“နှစ်ပါတီပေါင်းစည်းရေးလုပ်ငန်းစဉ်ကတော့ အားလုံးပြီးပြတ်သွားပြီလို့ ပြောလို့ရတယ် ပါတီသစ်အတွက် တာဝန်တွေလည်း ခွဲဝေထားပြီးဖြစ်တယ်၊ ပါတီအမည်ကို ကျွန်တော်တို့ ထိပ်ပိုင်းလူတွေပဲ ဆုံးဖြတ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ စိစစ်ရွေးချယ်ထားတဲ့ အမည် ၁၀ ခုကို အချိန်တစ်လယူပြီးတော့ မြို့နယ်တွေကို ချပြသွားမယ် မြို့ နယ်အများစုက ပေးလာတဲ့အမည်ကို အတည်ပြုသွားမယ်” ဟု ပါတီသစ်၏ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။
မွန်ပါတီများပေါင်းစည်းရေး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်မှ စတင်ပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
မွန်အမျိုးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပဲ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ် တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော် ၉ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ အနိုင်ရရှိခဲ့သည့်ပါတီ ဖြစ်သည်။
လက်ရှိတွင် မွန်နှစ်ပါတီပေါင်းစည်းသွားသော်လည်း မွန်ပြည်နယ်တွင် အမျိုးသမီးပါတီ (မွန်)နှင့် မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်သည့် မွန်အမျိုးသားကိုယ်စားပြုပါတီ ရှိသည်။