“တော်လှန်ရဲမှ လွတ်လပ်မည်” စာသားဖြုတ်ပေးရန် မွန်ပြည်နယ် အစိုးရ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊

မွန်လူထုက ဦးဆောင်ကျင်းပသည့် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ဆိုင်းဘုတ်ပါ “တော်လှန်ရဲမှ လွတ်လပ်မည်” ဆိုသည့်စာသားနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီကို ပြည်နယ်အစိုးရက ခေါ်ယူတွေ့ဆုံခဲ့သည်။

ဝါခေါင်လပြည့်နေ့ (သြဂုတ် ၂၆ ရက်နေ့) တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ဆိုင်းဘုတ်တွင် မွန်ဘာသာဖြင့် ရေးထားသည့် “တော်လှန်ရဲမှ လွတ်လပ်မည်” ဆိုသည့် စာသားပါကိစ္စနှင့် ပတ်သက်၍ သြဂုတ် ၂၀ ရက်နေ့က မွန်ပြည်နယ်အစိုးရမှ ခေါ်ယူတွေ့ ဆုံ မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

“ပြည်နယ်အစိုးရက ခေါ်တွေ့တာက အဓိကက ဆိုင်းဘုတ်မှာပါတဲ့ တော်လှန်ရဲမှ လွတ်လပ်မည်ဆိုတဲ့ စာသားကိစ္စပါ။ ဒီလိုအချိန်မှာ ဒီလိုမျိုး စကားလုံးတွေ မသုံးသင့်ဘူးပေါ့နော်။ အဲလိုတော့ သူတို့ (အစိုးရ) က ပြောတယ်။ နောက်တစ်ခုက ဒီမွန်တော်လှန်ရေးနေ့လုပ်တဲ့ကိစ္စက မွန်ပြည်သစ်ပါတီရဲ့ အစီအစဉ်နဲ့လားပေါ့နော်မေးတယ်၊ ကျနော်တို့ကတော့ ဒါကပြည်သူလူထုက လုပ်တယ်၊ ကျနော်တို့ မွန်ပြည်သစ်က အပိုင်းက ကျနော်တို့ လုပ်တယ် ဒီဘက်ပြည်တွင်းမှာက ပြည်သူလူထုတွေက လုပ်တယ်ဆိုတာကို ပြန်ရှင်းပြတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင် က ပြောသည်။

တွေ့ဆုံမှုတွင် အဆိုစာသားပါ ဆိုင်းဘုတ်တင်ခြင်းကို မွန်ပြည်သစ်ပါတီအနေဖြင့် တားဆီးပေးရန်၊ ဆက်လက်လုပ်ဆောင်ပါက စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက အခမ်းအနားကိုလည်း ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း ပြည်နယ်အစိုးရဘက်က ပြောခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

(၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးအခမ်းအနားကျင်းပရေးကော်မတီအနေဖြင့် ဆိုင်းဘုတ်ပါ မွန်ဘာသာဖြင့် ရေးထားသည့် “တော်လှန်ရဲမှ လွတ်လပ်မည်” အဓိပ္ပာယ်ရ စာသားကိုဖြုတ်ပြီး ဆိုင်းဘုတ်ကို စည်ပင်ခွင့်ပြုချက်ဖြင့် တင်သွားမည် ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။

“စာသားကိစ္စနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီက အမတို့ကို လာတွေ့ပြီးတော့ ဖြစ်နိုင်ရင်ပေါ့ အဲစာသားကို ဖြုတ်လိုက်ဖို့ပေါ့နော်။ အမတို့ကလည်း ဖြုတ်ဆိုရင်လည်း ဖြုတ်ပေါ့လေ၊ အမှန်က စာသားက မွန်ကနေ တိုက်ရိုက်ပြန်လိုက်တော့ အဓိပ္ပာယ်က တမျိုးသက်ရောက်သွားစေတယ် အမတို့ပေးချင်တဲ့ massage က အဲလိုမဟုတ်ဘူး။ ဒီပွဲကို နှစ်တိုင်းလည်း ကျင်းပလာခဲ့တယ်။ ဒီနှစ်လည်း အေးအေးချမ်းချမ်းနဲ့ ကျင်းပသွားမှာပါ” ဟု ပွဲကျင်းပရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ မိစန္ဒာနွန် က ပြောသည်။

ယမန်နှစ်ကလည်း မွန်ပြည်သစ်ပါတီမှ ကျင်းပသည့် ဗဟိုအဆင့်၊ ခရိုင်အဆင့် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် စစ်ဝတ်စုံအပြည့်အစုံဖြင့် စစ်ရေးပြချီတက်ခြင်းမပြုလုပ်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ရေးမြို့အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်မှာ တားမြစ်မှုရှိခဲ့သော်လည်း မွန်ပြည်သစ်ပါတီဘက်က မွန်တော်လှန် ရေးနေ့အခမ်းအနားကို ယခင်နှစ်များနည်းတူ စစ်ရေးပြချီတက်ခြင်း သေနတ်ဖောက်ခြင်းဖြင့် ကျင်းပခဲ့သည့်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ခေါ်ယူတွေ့ဆုံမှု ရှိခဲ့သည်။

သို့သော်လည်း ယခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ ကျင်းပမည့် တော်လှန်ရေးနေ့အခမ်းအနားအတွက် တစ်စုံတစ်ရာပြောကြားလာခြင်း မရှိသေးဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ၎င်းတို့၏ ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်လူငယ်များနှင့် မွန်ပြည်သူလူထုတို့ ဦးစီးပြီးလည်း နေရာအနှံ့ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ မွန်တော်လှန်ရေး တစ်လျှောက်ကျဆုံးသွားသည့် မွန်တော်လှန်ရေး ခေါင်းဆောင်များ၏ အုတ်ဂူများတည်ရှိရာသို့ သွားရောက်ဂါရဝပြုလေ့ ရှိသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့ တို့က မော်လမြိုင်အရှေ့ ဘက်ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်း အပါအဝင် ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်းလပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။