အထက်ရဲရွာ ရေကာတာစီမံကိန်းကို ဒေသခံများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်။

အထက်ရဲရွာ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးရန် ပြည်ထောင်စုအဆင့် လွှတ်တော်များသို့ ဒေသခံများက ကန့်ကွက်စာပို့ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်မည့် ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ သြဂုတ်လ ၂၃ ရက်နေ့ (ယနေ့)တွင် ကန့်ကွက်စာပေးပို့တောင်းဆို လိုက်ခြင်း ဖြစ်သည်။

တာလုံကျေးရွာမှ နန်းလောဝ်ခမ်းက “အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ရယ် နောက်တခြား ဌာနဆိုင်ရာ အဖွဲ့အစည်း အားလုံးပေါင်း သုံးဆယ်ရှိတယ်။ ဒီနေ့စာပို့တာက။ တာလုံ အရှေ့ ရွာနဲ့ တာလုံ အနောက်ရွာက ဒေသခံတွေရဲ့ လက်မှတ်တွေနဲ့ပေါ့နော်။ ၂၀၁၄ ခုနှစ်ကတည်းက ဒီစီမံကိန်း ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာ။” ဟုပြောသည်။

“ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပြည်နယ် အစိုးရရောပေါ့၊ ဌာနဆိုင်ရာ အဆင့်ဆင့်ပေါ့ အကြိမ် ကြိမ်ပဲ၊ ဘာမှသက်ရောက်မှုမရှိဘူး။ အဲ့ကြောင့် အခုက နေပြည်တော်ကို တောင်းဆိုရတာပါ” ဟု ပြည်နယ်အာဏာပိုင်များသို့ ယခင်က တောင်းဆိုခဲ့ကြောင်းလည်း ဆက်ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် သီပေါမြို့နယ် တာလုံကျေးရွာသို့ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးမှ အဆိုပါစီမံကိန်းအတွက် လာရောက်လေ့လာခဲ့ပြီးနောက် ဒေသခံများက လွှတ်တော်များသို့ စာပို့ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာ စီမံကိန်းမှာ သီပေါမြို့နယ်အတွင်းရှိ တာလုံအရှေ့ ကျေးရွာနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ တာလုံအနောက်ကျေးရွာတို့ကြားတွင် တည်ရှိသည်။

အဆိုပါ ရေကာတာ စီမံကိန်းကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ “ကျောက်မဲက ဒီရေကာတာကတော့ ဆောက်လုပ်ဆဲပေါ့၊ လောလောဆယ်ကတော့ တိုက်ရိုက်ထိခိုက်မှာက ကျမတို့ ရွာနှစ်ရွာ ထိခိုက်မှာဖြစ်တယ်။ အိမ်ခြေရော၊ ခြံတွေ၊ လယ်ယာတွေ၊ သစ်သီးခြံတွေ ဆုံးရှုံးမယ့် အနေအထားမျိုးရှိတယ်။ ဒီရေကာတာတစ်ခုခု ဖြစ်ခဲ့ရင် အနားက ရွာမကဘူး၊ သီပေါမြို့ပါ ရေလွမ်းနိုင်တယ်။ အဲ့ကြောင့် နမ္မတူမြစ်ပေါ်က ရေကာတာ စီမံကိန်းတွေ အားလုံးရပ်တန့် ရန်လို့ တောင်းဆိုထားတယ်” ဟု နန်းလောဝ်ခမ်းက ပြောသည်။

ဒေသခံများ၏ ပေးပို့စာထဲတွင် ရေကာတာစီမံကိန်း စတင်ချိန်ကတည်းကပင် ပွင့်လင်းမြင်သာမှု မရှိသည်ကို ဖော်ပြထားပြီး ရေကာတာ စတင်ဆောက်လုပ်ခဲ့သည့် ၂၀၀၈ ခုနှစ်မတိုင်မီတွင် ရွာသူရွာသားများနှင့် တိုင်ပင်ဆွေးနွေး ခြင်းလုံးဝမရှိခဲ့သည့်အပြင် ၂၀၁၄ ခုနှစ်မှသာ ရေကာတာကြောင့် ထိခိုက်မည့်ရွာသားများကို အခြားတနေရာသို့ ပို့ပေးမည်ဟု အကြောင်းကြားခဲ့သောကြောင့် ရွာသူရွာသားများမှ ပြင်းပြင်းထန်ထန် ဆန့့်ကျင်ခဲ့ကြသည်ဟု ပါရှိသည်။

ထိုအချိန်မှစ၍ တာလုံရွာသားများသည် ရေကာတာကိုဆန့်ကျင်ကြောင်း ယခင်သမ္မတဦးသိန်းစိန် အစိုးရ နှင့် လက်ရှိ (NLD) အစိုးရလက်အောက်ဖြစ်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်များထံသို့ အကြိမ်ကြိမ် အယူခံတင်ပြခဲ့ကြသော်လည်း ရွာသားများ၏ အယူခံတင်သွင်းချက်များကို လျစ်လျူရှုခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ် ခေါ် ဒုဌဝတီမြစ် ပေါ်ရှိ ရေကာတာ စီမံကိန်းများ ရပ်တန့်ရေး ဒေသခံများမှ နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ သြဂုတ်လ ၂၃ ရက်နေ့ (ယနေ့)တွင် ကန့်ကွက်စာ ပေးပို့တောင်းဆိုချက်ကို ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့မှလည်း ထောက်ခံကြိုဆိုကြောင်း ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

“ဒေသခံများ၏ ဘိုးဘွားနေအိမ်များ၊ လယ်ယာမြေများနှင့် ကျော်ကြားသောလိမ္မော်ဥယျာဉ်ခြံများကို ဖျက်ဆီး မည့်အထက်ရဲရွာရေကာတာ စီမံကိန်း ရပ်တန့့်ရန်အတွက် တာလုံရွာသားများ၏ တောင်းဆိုချက်များကို ရှမ်း ပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့ မှ အပြည့်အဝထောက်ခံပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လာအိုတွင် ဇူလိုင်လ ၂၃ ရက်နေ့က ကျိုးပေါက်ခဲ့သည့် Xe-Pian Xe-Namnoy ရေကာတာဆောက်လုပ်သည့် ကုမ္ဗဏီကပဲ ယခု အထက်ရဲရွာ ရေကာတာကို ဆောက်လုပ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောသည်။

“ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ရေကာတာ ရပ်တန့်ဖို့ တောင်းဆိုချက် ပေါင်းပြီးတော့ ဒီရေကာတာက မဆောက်သင့်ဘူး ဆိုတဲ့အကြောင်းရယ် နောက်ပြီးတော့ ဒီလာအိုမှာဖြစ်တဲ့ နမူနာကိုယူပြီး လာအိုမှာ လုပ်တဲ့ကုမ္ဗဏီနဲ့ နမ္မတူမှာ လုပ်တဲ့ကုမ္ဗဏီက အတူတူပဲ။ အဲ့ကြောင့်မို့ ကျနော်တို့ ဒေသခံတွေရဲ့ စိုးရိမ်ချက်နဲ့အတူ နမ္မတူပေါ်မှာရှိတဲ့ ရေကာတာ အားလုံးရပ်တန့်ဖို့ ရည်ရွယ်တာဖြစ်တယ်”

ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှု အဖွဲ့အနေဖြင့် နမ္မတူမြစ်ပေါ်ရှိ ဒေသခံများ၏ သဘောထားများအတိုင်း ရေကာတာစီမံကိန်းမျာ ရပ်တန့်ရေး၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့သည့် ဒေသခံများ၏ နစ်နာ မှုများ၊ ဆုံးရှုံးမှုများပြန်လည်ရရှိရေး၊ နမ္မတူမြစ်ကြောင်းတလျှောက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းအထိ ဒေသခံများအနေဖြင့် ရေကာတာစီမံကိန်းများ၏ ဆိုးကျိုးများနှင့် အကျိုးအမြတ်ကိစ္စရပ်များအတွက် သိရှိနိုင်ရေး စစ်တမ်းများကောက်ယူခြင်း၊ အသိပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာရေကာတာ စီမံကိန်းသည် လာအိုရေကာတာ ကဲ့သို့ပင် Swedish firm AF Consul က ရေးဆွဲထားသည့် ဒီဇိုင်းဖြစ်သည့်အတွက် လာအိုနိုင်ငံရှိ ရေကာတာကဲ့သို့ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းလေးခုအနက် အထက်ရဲရွာရေကာတာ စီမံကိန်းသည် အဆင့်မြင့်ဆုံး တစ်ခုအဖြစ်ပါဝင်ပြီး ၎င်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တည်ရှိကာ တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့်ဂျပန်နိုင်ငံ ကုမ္ပဏီများက ပါဝင်ပတ်သက်မှုရှိနေသော ရေကာတာ တစ်ခုလည်းဖြစ်သည်။