မြန်မာစေတနာ့ဝန်ထမ်း ဆရာ ၃ ဦး နေရပ်ရင်း ပြန်ပို့ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၂၄ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာလူမျိုး အခမဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးနှင့် ဆရာ တစ်ဦးတို့ကို တရားမဝင် နေထိုင် အလုပ်လုပ်မှုဖြင့် ထိုင်းအာဏာပိုင်များက ယနေ့ သြဂုတ် ၂၄ ရက်နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
ထိုင်းတောင်ပိုင်း ပတ္တနီမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေး ငယ်များအား အခမဲ့ စေတနာ့ဝန်ထမ်း အဖြစ် ပညာသင်ကြားပေးနေသည့် ကျောင်းဆရာမ နှစ်ဦး နှင့် ကျောင်း ဆရာ တစ်ဦး တို့ကို ထိုင်းအာဏာပိုင်များက သြဂုတ် ၁၅ ရက်နေ့က စာသင်နေစဉ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၁၅ ရက်နေ့ ၈ လပိုင်း ၁၈ မှာ အဲ့ဒီဘုန်းကြီးကျောင်းကို မနက် ၁၀ နာရီပိုင်းမှာ ခုနကပြောတဲ့ လဝက ရယ်၊ DOE ရယ်၊ စစ်တပ်ကပါတယ်၊ Tourst Police အားလုံးပေါင်း ၄ ဌာနကလူတွေပါတယ် ဝင်ပြီးတော့ စစ်တယ်၊ စစ်တဲ့အချိန်မှာ ဆရာမက ၂ ယောက်၊ မငြိမ်းမိုးမိုးလှိုင် နဲ့ ဒေါ်သန်းသန်းမြိုင် ပေါ့၊ အဲ့အချိန်မှာ ကူသင်ပေးနေတဲ့ ဆရာရှိတယ်၊ အဲ့ဒီ ဆရာတစ်ယောက်က ကိုထိန်လင်းအောင် အဲ့ဒီဟာကို သူတို့ကို ဖမ်းလိုက်တာပေါ့ဗျား၊ဟု ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။
ထိုင်းအာဏာပိုင်များမှ တရားမဝင် အလုပ်လုပ်မှုဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀ ဒဏ်ရိုက် အရေးယူခဲ့ပြီး ယနေ့ နေ့လည်တွင် မြန်မာနိုင်ငံ ရနောင်းမြို့သို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ဆရာ၊ ဆရာမများသည် ပတ္တနီမြို့နယ် ဘာနားကျေးရွာအုပ်စုရှိ ဝပ်လမ်နုပ် ဘုန်းတော်ကြီးကျောင်းတွင် အသက် ၄ နှစ်အရွယ်မှ ၁၅ နှစ်အရွယ်ရှိသော မြန်မာရွှေ့ပြောင်း ကလေးငယ် ၈၀ ခန့်ကို ပညာသင်ကြားနိုင်ရန် ရွှေအိုစည်း ပရဟိတမှ တည်ထောင်ဖွင့်လှစ်ထားသော ပညာသင်ကျောင်းမှ ဆရာ ဆရာမများ ဖြစ်သည်ဟု သိရသည်။
၎င်းတို့ဖမ်းဆီးချိန်တွင် ဝပ်လမ်နုပ်ဘုန်းကြီးကျောင်းကို လာရောက်လည်ပတ်နေသည့် မြန်မာနိုင်ငံမှ ဦးပဇင်းတစ်ပါး (ဘွဲ့အမည်မသိရှိရ) လူအမည် ဦးစံမောင် ကိုလည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဆက်ပြောသည်။
ဖမ်းဆီးရခြင်းသည် တရားဝင်ခွင့်ပြုချက်မရှိပဲ ပညာသင်ကြားပေးနေမှု ၊ နေထိုင်မှု၊ စသည့် အချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးစဉ်တွင် ထိုင်းအာဏာပိုင်းများမှ ပြောဆိုကြောင်း FED အဖွဲ့မှ ကိုမင်းဦး က ပြောသည်။
ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက အဆင့်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှတဆင့် တရားရုံးမှ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ကိုမင်းဦး မှ အဲ့ဒီ လဝက ဥပဒေအရ ဖမ်းတယ်ပေါ့၊ ဒါပေမယ့် တကယ့်တကယ်ကြတော့ အလုပ်မတူတာ၊ ဘာဖြစ်လို့လည်းဆိုတော့ တယောက်က မငြိမ်းမိုးမိုးလှိုင် ကကြတော့ လှေဒေါင့်မှာ ဆေးသုတ်တဲ့အလုပ် သူ့ရဲ့ မူရင်း အလုပ်သမားလက်မှတ်မှာ ပါတာက၊ တစ်ယောက်ကကြတော့ ကင်းမွန်ရုံ မှာ လုပ်တဲ့အလုပ်ပေါ့နော် သူ့မူရင်းအလုပ်က ဒေါ်သန်းသန်းမြိုင်ကကြတော့၊ ကိုထိန်လင်းအောင်ကြတော့ Tourst ဗီဇာ နဲ့၊ သူတို့ ဒီအထောက်အထားနဲ့တော့ ပြန်ဝင်လို့မရတော့ဘူး သူတို့ရဲ့ ဗီဇာတွေကို အကုန်လုံး ရီဂျက် လုပ်လိုက်တယ်၊ စာအုပ်မှာတော့ cancel (ပယ်ဖျက်) မထုထားဘူး၊ လုပ်ငန်းမတူတဲ့အလုပ်ကို လုပ်တဲ့အတွက်ကြောင့် လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဒဏ်ငွေ ၅၀၀၀ ချတယ်၊ဟုပြောသည်။
အရေးယူခံရသည့် ကျောင်းဆရာ ဆရာမ များကို သြဂုတ်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှတဆင့် မြန်မာသံရုံးအပါအဝင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့တို့၏ အကူအညီဖြင့် ယနေ့ သြဂုတ်လ ၂၄ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် မြန်မာနိုင်ငံဖက်ခြမ်း ကော့သောင်းမြို့သို့ စက်လှေဖြင့် ပြန်လည်ပို့ဆောင်လိုက်ပြီဟု ကိုမင်းဦး မှ ဆက်ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဝပ်လမ်နုပ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို ဆက်သွယ်မေး မြန်းရာတွင်သူတို့လာဖမ်းတာက ပတ်စပို့တွေမရှိဘူး၊ တရားမဝင်ကြဘူး၊ မှန်ကန်မှုတွေမရှိဘူး ဆိုပြီးလာဖမ်းကြတာ၊ မနာလိုတဲ့သူတွေက တိုင်ကြားတယ်လို့ ထင်တယ်၊ စာသင်ပေးနေတာက ဆရာ ၃ / ၄ ယောက် ရှိပါတယ်၊ သူတို့ကို ဖမ်းပြီး အခု ရနောင်းဖက်ပို့လိုက်ပြီး၊ သူတို့ မှန်ကန်အောင် ပြန်လုပ်ပြီး ဒီမှာ ပြန်လာသင်ပေးကြမှာပါ၊ ဒါဟာ မလိုသူတွေက တိုင်တာလို့တော့သိတယ် ဘယ်သူလဲ ဆိုတာတော့ မသိဘူးပေါ့၊ ဒီကျောင်းမှာ မြန်မာတွေ အများကြီး ဝင်ထွက်သွားလာနေတာ မြင်တော့ လဝက ကို လာစစ်ဖို့ တိုင်တာ၊ မလုပ်သင့်ပါဘူး။ဟု ပြောသည်။
ထိုင်းအာဏာပိုင်များမှ ဘုန်းတော်ကြီးကျောင်းတွင် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများကို ဝင်ရောက်ဖမ်းဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၂၀ ရက်နေ့၌ ရွှေပြောင်းအလုပ်သမား များ အရေး ကူညီဆောင်ရွက်ပေးနေသည့် Migrant Working Group အဖွဲ့ နှင့် Human Rights and Development Foundation အဖွဲ့တို့မှ စေတနာ့ဝန်ထမ်းများကို ဒဏ်ငွေ ဘတ် ၅၀၀၀ နှင့် ထိုင်းနိုင်ငံသို့ ၂ နှစ်ပြန်လည်ဝင်ရောက်ခွင့် မပြုတော့ဟု ဆုံးဖြတ်ခဲ့မှုသည် မသင့်လျှော်ကြောင်း နှင့် ချက်ချင်းလွတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုခဲ့သေးသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များကို ပညာသင်ကြားနိုင်ရန် ထိုင်းခုနှစ်သက္ကရာဇ် ၂၅၅၇ ခုနှစ် အင်္ဂလိပ်သက္ကရာဇ် ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်းပြီးပြီး ရေလုပ်ငန်း၊ ရာဘာလုပ်ငန်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ သားသမီးများကိုKG အတနု်းမှ ပဉ္စမတန်းအထိ အတန်းပညာအဆင့်ဆင့်ကို သင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု သိရသည်။