နန်းမိုဟွမ်အား FPNCC ညှိုနှိုင်းမှုဖြင့် လွှတ်ပေးရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ ဖမ်းဆီးပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည့် နမ့်ခမ်းမြို့မှ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်အား အမြန်ဆုံး လွတ်ပေးရန် သဘောတူခဲ့သည်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ (FPNCC) က ထုတ်ပြန်ကြေငြာခဲ့သည်။
TNLA သည် မြောက်ပိုင်း မဟာမိတ်ဖြစ်သော FPNCC ၏ အဖွဲ့ဝင် အဖွဲ့အစည်း ဖြစ်သည်။
FPNCC ၏ အရေးပါသော အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည့်“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) လားရှိုးဆက်ဆံရေးရုံး မှ ဒု-တာဝန်ခံ ဦးညီရန်း က “နန်းမိုဟွမ်ရဲ့ အစ်မက FPNCC ကို လိပ်မူတဲ့စာ ကျနော်ကတဆင့် ဌာနချုပ် ကို ပို့လိုက်တယ်ပေါ့နော်။ FPNCC လူကြီးပိုင်း ဆွေးနွေးတိုင်ပင်ပြီး ဒါကို လက်ခံတယ်၊ သူတို့ရဲ့ တောင်းဆိုချက် ကို ကြားဝင်ဖြန်ဖြေဖို့ ဖြေရှင်းဖို့ အဲ့ဒါသူတို့ကို ပြန်ခေါ်တယ်။ ခေါ်ပြီးဆွေးနွေးကြပြီးမှ အားလုံးတွေ့တဲ့အတိုင်းပဲ ဒီထုတ်ပြန်ချက်ထုတ်လိုက်တယ်။ အဲ့လောက်ပဲ ကျနော်သိရတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့ (ယမန်နေ့) က နန်းမိုဟွမ် မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ် ရှမ်းလူမှု အသင်းအဖွဲ့ အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များသည် PSLF/TNLA နှင့် ‘ဝ’ ဒေသ ပန်ဆန်း (ပန်ခမ်း) ရှိ ပြင်ပဆက်ဆံရေးဌာနအစည်းအဝေးခန်းမတွင် တွေ့ဆုံ ညှိနှိုင်းကြပြီးနောက် FPNCC ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
FPNCC ၏ ကြေညာချက်တွင် နန်းမိုဟွမ် ပြန်လွှတ်ပေးရေးနှင့် ပက်သက်၍ “ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/TNLA) အနေဖြင့် ကာလရှည်ကြာအတူတကွ နေထိုင်လာခဲ့သည့် တိုင်းရင်းသားများ ချစ်ကြည် ရင်းနီးဆက်ဆံမှုကို ရှေးရှု၍ နန်းမိုဟွမ်အား ခွင့်လွှတ်ပေးခဲ့ပြီး အမြန်ဆုံးလွှတ်ပေးရန် သဘောတူခဲ့ပါသည်”ဟု ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နမ့်ခမ်းမြို့တွင် ရှိနေသည့် နန်းမိုဟွမ်၏ မိသားစုဝင်များအား ဆက်သွယ်ခဲ့ရာ ၎င်းတို့ အနေဖြင့် တစုံတရာ မပြောပြနိုင်သေးကြောင်း၊ မိသားစုဝင်အချို့မှာ ပန်ဆန်း(ပန်ခမ်း)တွင် သွားရောက်ဆွေးနွေးနေကြောင်းသာ ဖြေဆိုခဲ့သည်။
FPNCC ၏ ကြားဝင်စေ့စပ်မှုအောက်တွင် နန်းမိုဟွမ်သည် သက်ဆိုင်ရာ ကိစ္စပေါ်တွင် မှားယွင်းမှုအချို့ ရှိခဲ့သည်ကို နန်းမိုးဟွမ်ကိုယ်တိုင် ဝန်ခံခဲ့ခြင်းကြောင့် TNLA က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရကြောင်း၊ သို့သော် နန်းမိုဟွမ် မိသားစုဝင်များနှင့် နမ့်ခမ်းမြို့ နယ်မှ ရှမ်းလူမှုအဖွဲ့အစည်း (၁၀)ဖွဲ့၏ ကိုယ်စားလှယ်များမှ ချမှတ် ထားသည့် ထောင်ဒဏ် (၃)နှစ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်ဟု FPNCC ၏ ထုတ်ပြန် ချက်ထဲတွင် တွေ့ရသည်။
သို့သော်လည်း အဆိုပါထုတ်ပြန်ချက်ထဲတွင် နန်းမိုဟွမ်အား မည်သည့်နေ့ရက်တွင် လွှတ်ပေးမည်ကို တိတိကျကျ ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။
နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန်ထိခိုက်သေဆုံးသည်အထိ တာဝန် ဝတ္တရား နှောက်ယှက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး PSLF/TNLA ဗဟို တရားရုံး တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၃၃) ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးခဲ့ပြီး ထောင်ဒဏ်သုံးနှစ် ပြစ် ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ (၉ ) ရက်နေ့က PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအား ပြောသည်။
ရှမ်းတိုင်းရင်းသူ ကလေးသုံးဦး မိခင် နန်းမိုဟွမ်အား သြဂုတ် လ ၁၇ ရက်နေ့ က နေအိမ်တွင် TNLA က လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်