မွန်ပြည်နယ် ရသုံး ခန့်မှန်းခြေ ရှင်းလင်းပွဲလုပ်၊ ဘီလီယံ ၁၀၀ ကျော် သုံးစွဲရန် လျာထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
မွန်ပြည်နယ် အစိုးရအနေဖြင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ဦးစားပေးလုပ်ငန်း ၁၉ ခုကို လုပ်ဆောင်သွားပြီး ဝင်ငွေ ခန့်မှန်း ၂၄.၂၉ ၃ ဘီလီယံနှင့် သုံးစွဲငွေ ခန့်မှန်း ၁၀၃.၉၇၃ ဘီလီယံ ခန့်မှန်းထားကြောင်း ရသုံးခန့်မှန်း စာစောင်ကို မော်လမြိုင် ပြည်နယ်ခန်းမတွင် ရှင်းလင်းပွဲပြုလုပ်၍ အောက်တိုဘာ ၂၂ တွင် ထုတ်ပြန်လိုက်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်း ငွေစာရင်းကို ပြည်သူအများ ပွင့်လင်းမြင်သာစွာ သိစေရန် အသေးစိတ်အချက်အလက်များကို စာစောင်ထုတ်ပြီး ချပြခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ရှင်းလင်းပွဲတွင် ပြောသည်။
“ငွေတွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ ရည်ရွယ်ပြီး လုပ်တာ၊ ရှေ့လာမယ့် နှစ်တွေမှာလည်း ပြည်သူတွေကို တိုက်ရိုက်အကျိုးရှိစေမယ့် ငွေလုံးငွေရင်းအသုံးစရိတ်တွေကို ပိုမိုချဲ့ထွင်ပြီးတော့ ပြည်သူများ အကျိုးစီးပွားအတွက် ပြည်နယ်ဖွံ့ ဖြိုးရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားမယ်”
ချမှတ်ထားသော ဦးစားပေးလုပ်ငန်းများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး အစရှိသည်တို့ ပါဝင်သည်။
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် ဘတ်ဂျက်အတွက် လိုငွေ ၇၉ ဒသမ ၆၈၀ ဘီလီယံရှိကာ ယင်းလိုငွေများမှာ ပြည်ထောင်စုမှ ဖြည့်ဆည်းပေးရမည့်ငွေများဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
ရှင်းလင်းပွဲတွင် အခွန်နှင့် ပတ်သက်ပြီး အကြံပြုချက်ပေးကြရာ ပြည်နယ်အစိုးရအနေဖြင့် လူထု သိရှိအောင် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ကောက်ခံသင့်ကြောင်း အကြံပြု ကြသည်။
“အခွန်နဲ့ ပတ်သက်ပြီးတော့ အောက်ခြေလူတန်းစား အခြေခံလူတန်းစားတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ အားနည်းနေတယ်။ တချို့က အခွန်ပေးဆောင်ချင်သော်လည်း ဘယ်လိုဘယ်ပုံပေးဆောင်ရမလဲဆိုတာ မသိကြဘူး၊ ဒါကို သက်ဆိုရင်ဌာနက ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီးတော့ အခွန်နဲ့ ပြည်နယ်ရဲ့ ဝင်ငွေပိုမိုရရှိအောင် လုပ်ဆောင်သင့်တယ်” ဟု မော်လမြိုင်မြို့ ခံ ဦးလှသိန်း က ပြောသည်။
ယခုကဲ့သို့ ရသုံး ခန့်မှန်းခြေကို လူထုကို ချပြခြင်းမှာ ပွင့်လင်းမြင်သာမှု ရှိစေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်နိုင်ဦးက ပြောသည်။
“ဒီလိုမျိုးလုပ်တာဟာ အစိုးရအနေနဲ့ သူ့ရဲ့ တာဝန်ခံမှုသာမက သူ့ရဲ့ ပွင့်လင်းမြင်သာမှုကို ချပြတာဖြစ်တယ်၊ ဒီအပေါ် ပြည်သူလူထုက အမြဲတစေလိုက်ပါလာဖို့လဲ မျှော်လင့်ပါတယ်”
မွန်ပြည်နယ်အစိုးရက ချပြလိုက်သည့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်ပြီး မရှင်းလင်းသည့် အချက်အလက်များရှိပါက ပြည်နယ်အစိုးရအဖွဲ့ နှင့် မွန်ပြည်နယ် ရသုံးမှန်းခြေ ဦးစီးဌာနထံ လာရောက် မေးမြန်းနိုင်သည် ဟု ပြည်နယ်အစိုးရက ကြေညာထားသည်။