တပ်မတော်မှ ခေါ်ဆောင်သွားသည့် အရပ်သား ၅ ဦးအနက် ၃ ဦးအား ပြန်လွှတ်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

အစိုးရ တပ်မတော်မှ ခေါ်ဆောင်သွားခဲ့သည့် ဗန်းမော်ဒေသခံ ၅ ဦး အနက် ၃ ဦးကို ပြန်လည်လွတ်ပေးခဲ့သည် ဟု အမည်မဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦး က ပြောသည်။

“အခုက ၃ ယောက်ကတော့ ပြန်လွတ်လာတယ်။ ၃ ယောက်စလုံး ဒီနတ်ခုတ်ကျေးရွာကပဲ ကျန်တဲ့ နှစ်ယောက်ကတော့ အခုက ပြန်လွတ်လာတဲ့ အခြေအနေတော့ မရှိသေးဘူးဗျာ။”

ပြန်လည်လွတ်မြောက်လာသူများမှာ နတ်ခုတ်ကျေးရွာမှ ဗမာတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့အား တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းအတွင်းက အစိုးရတပ်မတော်မှ လမ်းမတစ်နေရာတွင် ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု သိရသည်။

“တစ်ယောက်ကိုကျတော့ ၁၆ ရက်နေ့ကတည်းက ဖမ်းသွားတာပေါ့ ကျန်တဲ့ ၂ ယောက်ကိုကျတော့ ၁၇ ရက် နေ့ ဖမ်းသွားတယ် ဒါပေမယ့် သူတို့ကို ဖမ်းသွားတာကျတော့ ဒီတိုက်ပွဲမဖြစ်ခင်မှာ ဖမ်းသွားတာ” ဟု အဆိုပါ ဗန်းမော် ဒေသခံ က ဆက်ပြောသည်။

ထို့နောက် အောက်တိုဘာလ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တိုက်ပွဲအတွင်း ၎င်းတို့ကို ခိုင်းစေခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ပြောပြသည်ဟု ဒေသခံများကို ပြောသည်။

“တိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့ ဒဏ်ရာရတဲ့ စစ်သားတွေကို သူတို့ကို သယ်ခိုင်းတယ် ဆိုတာတစ်ချက် သူတို့ ပြောပြတယ် ပြီးတော့ ဒီရိက္ခာတွေပေါ့နော သူတို့ရဲ့ အဲဒီရိက္ခာတွေကိုလည်း သူတို့ကို သယ်ခိုင်းတယ်လို့ ပြောတယ်”

ပြန်လည်လွတ်လာသူ ၃ ဦးအား ခေါ်ဆောင်သွားသည့် အစိုးရ တပ်မတော် တပ်ရင်းမှာ မိုးညင်းအခြေ စိုက် ခမရ ၂၅၀ ဖြစ်ပြီး လွတ်မြောက်ရန် ကျန်နေသေးသည့် ဒေသခံ ၂ ဦးအား မည့်သည့် တပ်ရင်းက ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဒေသခံများက ပြောသည်။

လွတ်မြောက်ရန် ကျန်နေသေးသူ ၂ ဦးမှာ နတ်ခုတ်ကျေးရွာ အနီးရှိ ကျေးရွာမှ လီဆူတိုင်းရင်းသားများ ဖြစ်ပြီး ၎င်းတို့အား ပြောင်းဖူးခင်းထဲတွင် အလုပ်လုပ်နေစဉ် အခြားတပ်ရင်းတစ်ခုက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“တစ်ယောက်ဆို ၁၀ နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ် ကလေးပဲရှိသေးတယ်။ ၂ ယောက်စလုံးကတော့ လီဆူပဲ သူတို့က တစ်ဖွဲ့ထဲကနေ ဖမ်းသွားတာ မဟုတ်ဘူးဗျား။ စစ်တပ်က ဖမ်းသွားတာပဲသိသေးတယ်ပေါ့နော ဟိုဘယ်စစ်တပ် ဘယ်အမှတ် ဘယ်လောက်က ဖမ်းသွားတာလဲဆိုတာ မသိသေးဘူး”

ထို့အပြင် နတ်ခုတ်ကျေးရွာ အနီးတစ်ဝိုက်ရှိ ငှက်ပျောခြံထဲတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံအနှံမှ ရွှေ့ ပြောင်းအလုပ်သမားများကိုလည်း အစိုးရ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီး ဖမ်းဆီးထားသည့် အရေအတွက်ကို ၎င်းတို့အနေဖြင့် အတိအကျ မသိရသေးဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ၎င်းဒေသအတွင်း အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ နောက်ဆက်တွဲအနေဖြင့် ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်လာမည် ကို ဒေသခံများမှာ စိုးရိမ်နေကြသည်။