အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့အကြား ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းတွင် ယမန်နေ့က တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်မတော် AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
“တိုက်ပွဲဖြစ်တာတော့ ပလက်ဝမြို့နယ်ရဲ့ အထက်ပိုင်းဗျား အဲဒီ မွီလိုက်၀ ဆိုတဲ့ ရွာနားမှာဖြစ်တာ အဲဒီ မွီလိုက်ဝရွာနဲ့ ၁.၅ ကီလိုမီတာလောက်ဝေးတာပေါ့ အဲမှာ တစ်ကီလိုမီတာခွဲ လောက်အကွာမှာဖြစ်တာ အဲဒီမှာ တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဥစ္စာကတော့ ဒီမနေ့က နေ့လည်ပိုင်းပေါ့ ၁၁ နာရီ ၄၅ မှာ စဖြစ်တယ် နောက်တိုက်ပွဲက ၁၂ ခွဲလောက် မှာပြီးသွားတယ်။ တိုက်ပွဲကတော့ တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျာ။”
ယခုရက်ပိုင်းအတွင်း ရက္ခိုင်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု AA က ပြောသည်။
“အခုလိုမျိုး ဒီပွင့်လင်းရာသီ ရောက်လာ လို့ရှိရင် သူတို့က အမြဲတမ်း ထိုးစစ်ဆင်တဲ့ အလေ့အကျင့်တော့ရှိတယ် ဒီရက်ပိုင်းမှာလည်းပဲ လွန်ခဲ့တဲ့ ၁၄၊ ၁၅ နောက် ဒီ ၁၇ အခုဆိုတော့၂၃ ပေါ့ ဒီရက်ပိုင်းမှာ အဲဒီ ၄ ကြိမ်ပေါ့လေ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပြီးပြီးဗျာ” ဟု ခိုင်သုခ က ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် အစိုးရ တပ်မတော်၏ တပ်မှာ မင်းပြားအခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၈၀ ဖြစ်သည် ဟု AA က ပြောသည်။
ယမန်နေ့က တိုက်ပွဲအတွင်း အစိုးရ တပ်မတော်ဖက်မှ ဆယ်ဦးထက်မက ထိခိုက်ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ခိုင်သုခက ဆိုသည်။ တပ်မတော်ဖက်က ကျဆုံးမှုနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာကွန်ရက်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်မှ သဘောထားကို သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများထံသို့ ဆက်သွယ်သော်လည်း မရပေ။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အစိုးရ တပ်မတော်ဖက်မှ တပ်အင်အား ဖြည့်တင်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလာနိုင်သညဟု AA က ပြောသည်။
“တိုက်ပွဲဖြစ်ပြီးတဲ့ အချိန်ကစပြီးတော့ သူတို့ စစ်အင်အားတွေ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို ထပ်ဖြည့်နေတဲ့ ဥစ္စာတွေရှိတယ် ဆိုတော့ အဲမှာ အခုအချိန်ထိလည်း သူတို့ဖက်ကနေပြီးတော့ အဲမှာ အင်အားတွေ ထပ်ဖြည့်နေတယ်။ ဒီနေ့မှာလည်းပဲ အခြေအနေကတော့ ဒီအဲဒီမှာ ထိပ်တိုက်တင်းမာတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။” ဟု ခိုင်သုခက ပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA / ကိုးကန့်) အဖွဲ့တို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည်။