မြောက်ပိုင်း စစ်ရေးမဟာမိတ်များနှင် အစိုးရငြိမ်းချမ်းရေး ကော်မရှင် တရုတ်နိုင်ငံတွင် ထပ်တွေ့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့တို့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တွေ့ဆုံမည်ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA ၏ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
“ဟုတ်တယ်ခင်ဗျာ ဒီလာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကျနော်တို့ ဒီ ၃ ဖွဲ့ ပေ့ါနော်။ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ တွေ့ဖို့ ရှိတယ်ခင်ဗျာ” ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြုလုပ်မည်ဟု ULA/AA က ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် တွေ့ဆုံမည့် မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့ မှာ ရက္ခိုင့်တပ်မတော် AA၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ အမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA ကိုးကန့်တပ်ဖွဲ့) တို့ ဖြစ်သည်။
ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍ “ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးတော့ မျှော်လင့်ထားတာပေါ့ဗျာ။ သူတို့ဘာပြောလာမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ဖက်ကတော့ ဆက်ပြီးတော့ ဆွေးနွေးသွားဖို့တော့ ရှိတယ်” ဟု ခိုင်သုခ က ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC ဖက်မှ တင်ပြဆွေးနွေးလာပါက ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ မူအတိုင်း ဆွေးနွေးသွားမည်ဟု ULA/AA က ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း စစ်ရေး မဟာမိတ် ၃ ဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ ၎င်းဆွေးနွေးပွဲတွင် အောက်တိုဘာလအတွင်း နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
၎င်းသဘောတူညီချက်အတိုင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းမှ မြောက်ပိုင်း စစ်ရေးမဟာမိတ် ၃ ဖွဲ့ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားစာပေးပို့ထားသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်မှ ပေးပို့ထားသည့် စာထဲတွင် နှစ်ဖက်ကြိုတင်ညှိနှိုင်း သေဘောတူညီချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသဖြင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, AA, MNDAA မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ပါရန်နှင့် “ဝ” အထူးဒေသ ၂ နှင့် KIA မှ ကိုယ်စားလှယ်အဖွဲ့အားလည်း ဖိတ်ကြားပေးနိုင်ပါရန် ညှိနှိုင်းမေတ္တာရပ်ခံပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ငြိမ်းချမ်းရေး ကော်မရှင်မှ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန် မြို့မှ ကူမင်းမြို့သို့ သွားရောက်ကြမည်ဟု ပေးပို့စာထဲတွင် ပါရှိသည်။
မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာနိုင်ငံ အမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA/ ကိုးကန့်တပ်ဖွဲ့) တို့ ပါဝင်သည်။