တစ်စို့မှုများ ကျော်လွှားရေးအတွက် PC နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အလွတ်သဘောတွေ့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၄ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အစိုးရအကြား တစ်စို့နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ နည်းလမ်းရှာကျော်လွှားနိုင်ရေးအတွက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ငြိမ်းချမ်း ရေး ကော်မရှင် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေး နွေးကြမည်ဟု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက “အကြမ်းဖျဉ်းတော့ အဲ့လိုသိထားတယ်။ ကျနော်က လွှတ်တော် တက်နေသေးလို့ အဲ့ဒီ ခရီးစဉ်မှာ ကျနော်တော့ပါတယ် ဒါပေမယ့် အကျိုးအကြောင်းက ဒီနေ့ လွှတ်တော် ပြီးလို့ ရန်ကုန် ဆင်းမှပဲ အကျိုးကြောင်းသိရမယ်။” ဟု အတည်ပြု ပြောဆိုသည်။
တိုင်းရင်းသား ခေါင်းဆောင်များနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဖက်မှ အငြိမ်းစား ဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး နှင့် ဦးကျော်လင်းဦး တို့ ပါဝင်မည်ဟု သိရသည်။
ယခု အလွတ်သဘောတွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPPST မှ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးဟန်ညောင်ေ၀ နှင့် ပြည်ထောင်စုသိပ္ပံ PI အဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးခွန်ဆိုင်း တို့နှင့်လည်း သီးခြားစီ တွေ့ဆုံသွားရန်ရှိသည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ကတော့ ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးရန် ကိစ္စနှင့်ပတ်သက်၍ “ကျနော် ဘာမှတော့ မပြောလိုဘူးနော်၊ ဒီကိစ္စ ကနော်၊ တကယ်လို့ လာမယ်ဆိုရင်တော့ ကျနော်တို့က တွေ့မှာပါ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့နော်၊” ဟု သတင်းနှင့် မီဒီယာ ကွန်ရက် ကို ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံသည့် အလွတ်သဘော ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးတွင် တစ်စို့နေသည့် ပြသနာများကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းရှာဖွေကြ ခြင်းသာဖြစ်သည်ဟုလည်း ပြည်ထောင်စုသိပ္ပံ PI အဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးခွန်ဆိုင်း မှ ပြောဆိုသည်။
“အရင့်အရင်တုန်းက ထောင်နဲ့ချီရှိတဲ့ (Informal) အလွတ်သဘောတွေ့ဆုံခြင်းက တစ်စို့မှုကို အရင်တုန်းက ၂၀၁၄ သြဂုတ် လကနေ မတ်လ အထိကို တစ်စို့မှု ဖြစ်တယ် ခုနှစ်လ လုံးလုံးဖြစ်ခဲ့တာတခါတည်း ကျော်လွှားလို့ ရလာတယ်။ ဒီတစ်ခေါက်လည်း အဲ့လိုမျိုး လုပ်နိုင်ရင် ကောင်းမယ်ဆိုပြီးတော့မှ နှစ်ဖက်စလုံးက ယုံတဲ့အတွက်ကြောင့်မို့လို့ သူတို့တွေ့မှာဖြစ်တယ်၊”
ငြိမ်းချမ်းရေး ကော်မရှင်မှ ချင်းမိုင်မြို့တွင် လာရောက်တွေ့ဆုံဆွေးနွေးမှုသည် တရားဝင် တွေ့ဆုံခြင်း မဟုတ်သလို သဘောတူညီချက်များ ရယူခြင်းထက် သဘောထားများစုစည်းပြီး နှစ်ဖက် လူကြီးများ ပြန်လည် စဉ်းစားကြဖို့ရန် ဖြစ်သည်ဟုလည်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် NCA ပြင်ပအကြောင်းအရာများဖြစ်သည့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ ပြည်ထောင်စုမှ ခွဲမထွက်ခွင့်၊ တပ်မတော်တစ်ခုထဲ ထားရှိရေး ကိစ္စ များကို အစိုးရဖက်မှ ထည့်သွင်း ဆွေးနွေးလာခဲ့ပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အစိုးရကြား တစ်စို့မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
NCA အပစ်ရပ် ၁၀ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ပအို့အမျိုး သား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။