လက်နက်ကိုင် အဖွဲ့များ လွတ်ရာ ကျွတ်ရာမှာ တိုက်ကြရန် နိုင်ငံရေး ပါတီများ တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများရှိနေသည့်အတွက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသခံများအား ထိခိုက်စေသော လုပ်ရပ်များကို ရပ်တန့်ကြရန် ဒေသတွင်းရှိ နိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ သီပေါ မဲဆန္ဒနယ်-အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစန်းစန်းအေးက ယခုလိုပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေပဲ မဟုတ်ဘူး။ အားလုံးကိုဆိုချင်ပါတယ်။ လက်နက်ကိုင်ဘယ်အဖွဲ့အစည်း မဆိုပေါ့နော် သတ္တိရှိလို့ စစ်တပ်လုပ်ကြတာပဲလေနော်။ လက်နက်ကိုင်ကြတာပဲလေနော်။ အချင်းချင်းချရင် လည်း ပြည်သူနဲ့ဝေးတဲ့နေရာမှာ ချကြပါလို့ ပြောချင်ပါတယ်။ ရွာနဲ့နီးတဲ့နေရာမှာ ရွာထဲမှာ လာပြီးတော့ မတိုက် ကြပါနဲ့၊ သတ္တိရှိကြရင်လည်း အချင်းချင်းစိန်ခေါ်ပြီးတော့ လွတ်လွတ်ကင်းကင်းနေရာမှာ ချစေချင်ပါတယ်လို့” ဟု ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က သီပေါ့မြို့နယ်၊ နားလော့ကျေးရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်း ပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား သုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူ-လားရှိုးကားလမ်းပေါ်ရှိ မန်ပြိန်းကျေးရွာအနီးတဝှိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးခဲ့သည်။

တအာင်း(ပလောင်) အမျိုးသားပါတီ လားရှိုးရုံး မှ ဦးအောင်မင်း က “နှစ်ဖက်သံသယဖြစ်လို့ ပြည်သူလူထုတွေ တော်တော်ထိတယ်။ သံသယရဲ့ အကျိုးဆက်ပေါ့နော်။ စစ်ပွဲကြောင့်ပေါ့။ ဒီ့အပြင် ဥပမာ မြေမြှုပ်မိုင်း၊ တောင်သူ တွေ ရွာသူရွာသားတွေက ကိုယ့်ခြံ ကိုယ့်တောင်ယာကို သွားရင်းနဲ့ နင်းမိတယ်။ ဒုက္ခတွေရောက်ပြီ။ လက်တွေ ပြတ်ပြီ၊ ခြေထောက်တွေပြတ်ပြီ၊ သေပြီ၊ တိုက်ပွဲဖြစ်လို့ ထွက်ပြေးရင်းနဲ့ ကျည်တွေထိပြီ သေကုန်ပြီ။ ဒါက ပြော မယ်ဆိုရင် စစ်ပွဲတွေကြောင့် ဒါမျိုးတွေ ပိုဖြစ်လာတာကို တွေ့ရတာပေါ့လေ” ဟု ပြောသည်။

“လက်နက်ကိုင်အချင်းချင်းကြားက ပြဿနာတွေကြောင့်ပေါ့။ လက်နက်ကိုင်ဆိုတာ တပ်မတော်လည်းပါတယ်။ တိုင်းရင်းသားတွေလည်းပါတယ်။ လူထုတွေ ထိခိုက်အောင်မလုပ်ကြပါနဲ့လို့ ပြောချင်တယ်” ဟု ဦးအောင်မင်း က ဆက်ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က SSPP/SSA နှင့် RCSS/SSA တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ RCSSအဖွဲ့ သည် သီပေါမြို့နယ်၊ နားမခေါ်အုပ်စု၊ နားလော့ကျေးရွာသို့ ပြည်သူလူထုများလာရောက်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ လူထုများ၏ အိုးအိမ်များထိခိုက်ပျက်ဆီးခဲ့ရကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

အလားတူ RCSS/SSA ကလည်း အဆိုပါဖြစ်စဉ်မှာ RCSS မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ၎င်းပိုင် Tai Freedom ဝက်ဆိုက်စာမျက်နှင့် လူမှုကွန်ယက် Facebook စာမျက်နှာမှ နိုဝင်ဘာလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်း၊ မဟာမိတ် PSLF/ TNLA၊ SSPP/ SSA ပူးပေါင်းတပ်များနှင့် RCSS/SSA တို့ကြား တိုက်ပွဲ အကြိမ်ရေ (၁၄) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။