ရှမ်းမြောက် တိုက်ပွဲ လျော့ချရေး တွေ့ဆုံဆွေးနွေးမှု လိုအပ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို လျှော့ချနိုင်ရန် လက်နက်ကိုင် အဖွဲ့အစည်းများအကြား အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် လိုအပ်နေသည်ဟု အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများ က ပြောသည်။
“ကျနော်တို့ မြင်တာကတော့ ကျနော်တို့ ညှိဖို့လိုတယ်။ မညှိရင်တော့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနိုင်တယ်။ မျက်နှာချင်းဆိုင် ညှိဖို့လိုတယ်။ မညှိရင် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားပြီးတော့ ဒေသခံလူထုက စစ်ဘေးစစ် ဒဏ်သင့်လိမ့်မယ်လို့ ပြောရပါမယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသလို ပြည်သူတွေလည်း ဒုက္ခရောက်နေရသည့်အတွက် တိုက်ပွဲတွေရပ်တန့်ရေး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနှင့် ရှမ်းအရပ်ဘက် အဖွဲ့အစည်းများကလည်း မေတ္တာရပ်ခံထားသည်။
“ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရကလည်း အမြန်အကောင်အထည်ဖော်စေချင်တယ်ပေါ့နော်။ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း မထိခိုက်စေချင်ဘူး။ အကောင်အထည်ဖော်တဲ့နေရာမှာလည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးပြီးပေါ့နော် အဲ့လိုမျိုးအမြန်လုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေး အမြန်ရစေချင်ပါတယ်။ ဒါမှကျမတို့ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်မှာမို့လို့ပါ၊ မဟုတ်ရင် တိုက်ပွဲဖြစ်လိုက်၊ ပြေးလိုက် အဲ့လိုမျိုးဘဝနဲ့ပဲ ဖြစ်နေကြလို့လေ” ဟု (SNLD) ပါတီ၊ သီပေါ မဲဆန္ဒနယ်-အမှတ်(၁) မှ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစန်းစန်းအေးက ပြောသည်။
ထွက်ပြေးလာသော စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် သီပေါမြို့နယ်က နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးကလည်း “ဒီအချိန်က စိုက်ပျိုးထားတာတွေ၊ တောင်ယာတွေ သိမ်းချိန်၊ စပါးသိမ်းချိန်၊ နှမ်းသိမ်း ချိန်တွေဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ အဲ့ဒီအတွက်လည်း ဒီဒေသခံအတွက် စီးပွားရေး၊ စားဝတ်နေရေးအတွက် အသက်အန္တရာယ်တွေတွက် ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်။ အားလုံးကလည်း ကိုယ့်ရဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာကိုဖြေရှင်းကြပါလို့ပဲ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေက ထိခိုက်ဒဏ်ရာရရှိမှုများ၊ အသက်သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းများကို မဖြစ်ပေါ်စေလိုကြောင်း လက်နက်နှင့် ဖြေရှင်းမည့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် ဖြေရှင်းစေလိုသည်ဟု ကိုမျိုးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှု မလုပ်ဆောင်နိုင်ပါက ယခုလက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများမှာ ပိုမိုကြီးထွားလာနိုင်သည်ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။
“TNLA၊ SSPP နဲ့ RCSS လည်း မျက်နှာချင်း တွေ့ဆုံဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆို SSPP ကလည်း ရှမ်းပဲဖြစ်တာကိုး ဒီဟာက RCSS နဲ့ SSPP သော်လည်းကောင်း RCSS နဲ့ TNLA သော်လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး တော့ ဒီနယ်မြေထိန်းချုပ်မှု ပြသာနာ အခွန်အကောက်ပြသာနာတွေကို သေချာဆွေးနွေးဖို့လိုအပ်ပါတယ်။ သူတို့ မဆွေးနွေးပဲ ဒီအတိုင်းထားလို့ရှိရင် ပဋိပက္ခဒီထက်ပိုကြီးလာမှာ အဓိကက သူတို့အချင်းချင်း မျက်နှာချင်းဆိုင်ပြီး မဖြေရှင်းကြလို့ အခုဒီပြသနာဟာ အဆုံးသတ်လို့ မရဘူး။”
ယခုဖြစ်ပွားနေသည့် တိုက်ပွဲသည် နယ်မြေထိန်းချုပ်မှုကို အခြေခံ၍ ဖြစ်လာသည့် ပြသနာဖြစ်ပြီး ယခင်ကလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် SSPP နဲ့ TNLA တို့ ဖြစ်ပွားမှုမျိုးရှိခဲ့သည်။ သို့သော် နှစ်ဖက် တာဝန်ရှိသူအချင်းချင်း ညှိနှိုင်းခဲ့သည့်အတွက် ပြေလည်မှု ပြန်လည်ရရှိခဲ့သည်ဟု ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA မှ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာရာမှ ၎င်းဒေသတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည့် TNLA၊ SSPP တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
သို့သော် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို လျှော့ချနိုင်ရန်အတွက် RCSS က TNLA နှင့် တစ်ကြိမ်၊ SSPP နှင့် တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီမှု မရရှိခဲ့ပဲ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
“ပဋိပက္ခလျှော့ချသွားဖို့ အဓိကကတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အချင်းချင်းက ထိပ်ပိုင်းခေါင်းဆောင်တွေ တစ်နည်းနည်းနှင့် တွေ့ဆုံသင့်တယ်။ တိုက်ပွဲနဲ့ ဖြေရှင်းတဲ့ အနေအထားမျိုး မဟုတ်ဘူးဆိုတာကိုလည်း ဖြစ်နေတဲ့ ကာလအတောအတွင်းကို ပြန်သုံးသပ်လို့ရှိရင်တော့ ဘယ်သူမှ အကျိုးအမြတ် မရှိဘူး နစ်နာတာလည်း ပြည်သူလူထုပဲ ဖြစ်တဲ့အခါကျတော့ အဓိကက လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်တွေ အမြန်ဆုံး စကားပြောနိုင်အောင် နည်းလမ်း တစ်ခုခုတော့ ရှာသင့်တယ်လို့ ကျနော်ကတော့ထင်တယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်းက ပြောသည်။
ရှမ်းနိုင်ငံရေးပါတီများနှင့် တအန်းပါတီများကလည်း ဒေသခံပြည်သူလူထုကို ငဲ့ညာသောအားဖြင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို အဆုံးသတ်ရန် လက်နက်ကိုင်အဖွဲ့အစည်းများအား တိုက်တွန်းတောင်းဆိုထားသည်။
လက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်း တွေ့ဆုံဆွေးနွေးရန် သဘောထားများရှိသော်လည်း တွေ့ဆုံမှုမှာ ယနေ့အချိန်အထိ ဖြစ်မလာသည့်အတွက် တိုက်ပွဲကြောင့် ဒေသခံလူထုများ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်းအပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည်ဟု ဒေသခံများကပြောသည်။