NCA ထိုး ကျောင်းသား တပ်မတော် အဖွဲ့ဝင်များ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း)( ABSDF – NB ) ဒု-ဥက္ကဌ နှင့် အခြားသူ ၂ ဦးကို အစိုးရ တပ်မတော်မှ ဖမ်းဆီးကာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် မိုးညှင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

“ကျနော်တို့ ABSDF – NB ပေါ့ ကျောင်းသားတပ်မတော် မြန်မာပြည်မြောက်ပိုင်းရဲ့ စစ်ဒေသ ကော်မတီ ဒု-ဥက္က ဌ ဖြစ်တဲ့ ရဲဘော်အောင်ဆွေဦး နဲ့ ရဲဘော်မောင်ဦးနဲ့ အတူ ဦးကိန်းမြင့်ပေါ့ ဦးမောင်ကိန်းပေါ့ သူတို့အခု မိုးညှင်း အချုပ်မှာ အဖမ်းခံရတာ ည ၁၁ နာရီ ဝန်းကျင်လောက်မှာမှ အဲဒီ ခလရ ၁၅ က ဗိုလ်ကြီးသီဟစိုးဆိုတဲ့ ပုဂ္ဂိုလ် ကနေပြီးတော့ ၁၇/၁ နဲ့ ဒီ ၃ ယောက်ကို တရားစွဲလိုက်တယ် ဆိုပြီးမှ ကျနော်တို့ ကြားသိရတာဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်မတော်တပ်ဦး မြောက်ပိုင်း ABSDF – NB ဥက္ကဌ ဗိုလ်မှူးလဆိုင်း က ပြောသည်။

မိုးညှင်းမြို့တွင် ABSDF – NB ၏ စစ်ဒေသကော်မတီ ဗဟိုကော်မတီဝင်ဖြစ်သော ရဲဘော် နိုင်ထွန်းထွန်း(ခ) ဦးပေါက်ကွေး ကွယ်လွန်သွားသည့်အတွက် ABSDF ၏ စည်းစနစ်ထုံးစံနဲ့အညီ ပြန်တမ်းစာ ဖတ်ကြားရမည် ဖြစ်သည့်အတွက် သွားရောက်သဂြိုလ်ရာ မိုးညှင်းမြို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ (ယမန်နေ့) ညက အဖမ်း ခံရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးလဆိုင်း က ပြောသည်။

မိုးညှင်း အခြေစိုက် ခလရ(၁၅) မှ ဗိုလ်ကြီး သီဟစိုးက ၎င်းတို့ ၃ ဦးအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ပေးရန် မိုးညှင်းမြို့မရဲစခန်းထံ တိုင်ကြားလိုက်ခြင်းဖြစ်ပြီး တိုင်ကြားစာထဲတွင် ၎င်းတို့ ၃ ဦးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ကေအိုင်အေ လှုပ်ရှားမှုနယ်မြေအတွင်း ခွင့်ပြု ချက်မရပဲ ဝင်ရောက်နေထိုင်ခဲ့သဖြင့် နယ်ဘက်တရားရုံး၌ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပေးပါရန် တပ်နယ်မှူးရုံး(မိုးညှင်း) မှ ညွှန်ကြားလာခဲ့ပါသည်ဟု ပါရှိသည်။

သို့ဖြစ်ပါ၍ မတရားအသင်းနယ်မြေအတွင်း ခွင့်ပြုချက်မရရှိပဲ ဝင်ရောက်နေထိုင်ကြသူ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် ကိုမောင်ကိန်း(ခ) သန်းထိုက်အောင်တို့ ၃ ဦးအား အရေးယူပေးပါရန် တိုင်းကြားအပ်ပါသည်ဟု တိုင်ကြားစာထဲတွင် ပါရှိသည်။

နိုင်ထွန်းထွန်း(ခ) ဦးပေါက်ကွေးအား သွားရောက်သဂြိုလ်ရာတွင် NCA လက်မှတ်ထိုးစဉ်က သဘောတူထား သည့် အတိုင်း ခရီးသွားရာတွင် စာရွက်စာတမ်းအပြည့်အစုံ ယူဆောင်သွားသော်လည်း အဖမ်းခံရခြင်းဖြစ်သည်ဟု ကျောင်းသား တပ်မတော် မြောက်ပိုင်း ABSDF – NB ဥက္ကဌ က ပြောသည်။

“ဒီနေ့ဒီအချိန်ခါလည်း ကျနော်တို့ ABSDF က နေရာဒေသအသီးသီးမှာ ရှိတဲ့ ဥပမာ KNU ဒေသမှာ နေတယ် KNU အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးလို့ အဲဒီ NCA လက်မှတ်ထိုးထားတဲ့ KNU ကို အသိအမှတ် ပြုသလို ကျောင်းသားတပ်ကို အသိအမှတ်ပြုတယ်။ ဥပမာ ကျနော်တို့ KIO နယ်မှာ နေတဲ့ ကျောင်းသားတပ်မတော်ကိုတော့ KIA က NCA လက်မှတ်မရေးထိုးလို့ ဒီဖက်က ကျောင်းသားတပ်မတော်ကို NCA လက်မှတ်ရေးထိုးတာ အသိအမှတ်မပြုဘူးဆိုလို့ရှိရင်တော့ ABSDF ကို ဒီစစ်အာဏာရှင်တွေ ကိုယ်တိုင်က သွေးခွဲနေတာ ကျနော်တို့သိသာထင်ရှားနေပါတယ်” ဟု ဗိုလ်မှူး လဆိုင်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် ယခုကဲ့သို့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကို မတရား အသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခြင်းသည် ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေသည့်အပြင် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲတွင် ပါဝင်လာအောင် လုပ်ဆောင်ရာတွင် အနှောက်အယှက်ဖြစ်စေနိုင်သည်ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်မတော် ABSDF သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်ရပ်စဲရေး စာချုပ် NCA ကို အခြား လက်နက်ကိုင် ၉ ဖွဲ့နဲ့အတူ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ဖြစ်သည်။ လက်မှတ်မရေးထိုးမီ အောက်တိုဘာလ ၁၂ ရက်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် RCSS/SSA နဲ့အတူ မတရားအသင်းမှ ပယ်ဖျက်ခြင်းခံရသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၇ ခုနှစ်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဗန်းမော်-လွယ်ဂျယ်လမ်းမှ ကျောင်းသားတပ်မတော် (မြာက်ပိုင်း) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန်လာစဉ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးကာ မတရားအသင်း ဆက်သွယ်သည့် အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့သည်။