UWSP ခေါ်ဆောင်သွားသည့် လားဟူ ကျမ်းစာကျောင်းသူများ မလွတ်မြောက်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ အတွင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP က လားဟူ ခရစ်ယာန်ကျမ်းစာကျောင်းမှ ခေါ်ဆောင်သွားသည့် ကျောင်းသူ ၂၀ ဦး မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဟု လားဟူတိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“အကုန်လုံးမလွတ်လာဘူး။ ဒီအမျိုးသားတွေပေါ့နော်၊ အမျိုးသားတွေက ထွက်ပြေးလာတာ၊ လွတ်ပေးလာတာ မဟုတ်ဘူး။ အမျိုးသမီးတွေက တစ်ယောက်မှ မလွတ်လာသေးဘူးရှင့်။ အဲ့သူတို့တွေကိုကျတော့ စစ်သင်တန်းတွေ ပေးနေတာ အဲ့ဒါပဲသိရတာ” ဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဌ ဒေါ်အေးသီတာမြင့်က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် ကျမ်းစာကျောင်းမှ ကျောင်းသူ/သား (၄၁) ဦးအနက်မှ အမျိုးသား (၂၁)ဦးက ယခုလ ဆန်းပိုင်းက ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာလာဇရု က “ကျောင်းသူကျောင်းသားတွေကို ဖမ်းထားသေးတယ်။ အဲ့ဒီထဲမှာ ယောက်ျားလေး ၂၁ ယောက်က တောလမ်းတောင်လမ်းကနေ ထွက်ပြေးလာတယ်။ ကျနော်တို့က လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာ ထိန်းသိမ်း စောင့်ရှောက်ထားရတယ်။ မိန်းကလေး အယောက် ၂၀ ကျန်သေးတယ်။ သူတို့တော့ ထွက်ပြေးလို့မရဘူး။ အခုထက်ထိတော့ လွှတ်ပေးမယ်ဆိုတာမျိုးတော့ ဘာမှကြားရသေးဘူး” ဟု ပြောသည်။

နိုဝင်ဘာလကတည်းက ဖမ်းဆီးခံထားရသည့် ကျမ်းစာကျောင်းသူ၊ ကျောင်းသားများ ပြန်လွတ်ပေးရန် လားဟူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ လားဟူအမျိုးသမီးအဖွဲ့ နှင့် လားဟူဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်တို့မှ စုပေါင်းလက်မှတ်ထိုးကာ “ဝ” UWSP ဌာနချုပ်နှင့် အစိုးရအဆင့်ဆင့်အား စာပေးပို့တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြား ခြင်းမရှိခဲ့ဘူးဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) လားရှိုး ဆက်ဆံရေးရုံးမှ ဒု-တာဝန်ခံ ဦးညီရန်းက“ဖမ်းထားတယ် အဲ့လိုတော့ ကျနော်မကြားရဘူးနော်၊ ဘာကြောင့်ဆို နောက်လာမယ့်နှစ် ဧပြီမှာ ကျနော်တို့ ငြိမ်းချမ်းရေးပွဲတော် နှစ်သုံးဆယ်ပွဲ ကျင်းပဖို့ရှိပါတယ်။ ကျနော်တို့ ဒီပွဲတော်ကြီးကို တန်ဖိုးထားတဲ့အနေနဲ့ “ဝ” ပြည်နယ် တပြည်နယ်လုံးတိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်ဖို့ဆိုပြီးမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ အကပဒေသာ ဧည့်ခံကြိုဆိုရေး နယ်ပယ်အသီးအသီးမှာ ပါဝင်နိုင်ဖို့ ကျနော်တို့ ဒီအဖက်ဖက်ကနေ လူမျိုးဘာသာမရွေး ကျနော်တို့ ခေါ်ယူပြီးမှ training ပေးတာတွေတော့ ရှိပါတယ်နော်” ဟု ပြောသည်။

“ဝ” UWSP ကို ကျောင်းသူ/သားများ လွှတ်ပေးရေး ဦးစွာတောင်းဆိုခဲ့ရာ တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိသောကြောင့် လက်ရှိတွင် နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ လူ့အခွင့်အရေးကော်မရှင်ရုံး၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနတို့အား စာပေးပို့တောင်းဆိုထားသည်ဟု ပြောသည်။

“ဖမ်းဆီးထားတဲ့ သူတွေအကုန်လုံး လွတ်ပေးဖို့ရယ်၊ နောက်ပြီး ကျမ်းစာကျောင်းကို သူတို့ရဲစခန်းလုပ်ထားတာကို ပြန်ပြီးတော့ ဖွင့်ပေးဖို့၊ ပြန်ပေးဖို့ရယ်၊ ဖျက်ဆီးခံထားရတဲ့ ဘုရားကျောင်းတွေကို ပြန်ပြီးတော့ ပြုပြင်တည်ဆောက်ပြီးတော့ ဒီကျမတို့ ဓမ္မဆရာ ၉၀ ကျော် ပြန်လွှတ်တဲ့အချိန်မှာ ဝန်ခံကတိနဲ့လွှတ်ပေးတဲ့အတွက် အဲ့ဝန်ခံကတိကို ဖျက်ပြီးတော့ ဘာသာရေးလွတ်လပ်ခွင့်ကို အပြည့်အဝပြန်ပြီးတော့ ပေးဖို့ဆိုပြီးတော့ တောင်းဆိုပြီးတော့ စာတင်ထားတာ ဖြစ်ပါတယ်” ဟု ဒေါ်အေးသီတာမြင့်က ဆက်ပြောသည်။

သို့ရာတွင် ၎င်းဒေသအတွင်းရှိ ဘုရားကျောင်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက UWSP ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ဘုရားကျောင်းများကို စီစစ်ကာ ပြန်လည်ဖွင့်ပေးလိုက်သည် ဟု “ဝ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) လားရှိုး ဆက်ဆံရေးရုံးမှ ဦးညီရန်း က ပြောသည်။

UWSP “ဝ” ဘက်မှ ဘုရားကျောင်းများကို ပြန်လည်ဖွင့်ခွင့်ပြုခြင်း၊ ဝတ်ပြုကိုးကွယ်ခွင့်ပြုခြင်းနှင့် ပျက်ဆီးသွားသည့် ဘုရားကျောင်းများကို ပြန်လည်ပြုပြင်ပေးမည်ဟု သတင်းများ ကြားသိရသော်လည်း အတည်ပြု၍ မရသေးကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာလာဇရုက ပြောသည်။

UWSP “ဝ” ထိန်းချုပ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၂ တွင် ဗဟိုဌာနချုပ်၏ ခွင့်ပြုချက်မရှိသည့် ဘုရားကျောင်းများ ပိတ်သိမ်းခြင်း၊ အစွန်းရောက်ဘာသာရေး ဆရာအချို့ကြောင့် ဒေသတွင်း တိုင်းရင်းသားများကြား စည်းလုံးညီညွတ်ရေးအပိုင်း ထိခိုက်မည်ကို စိုးရိမ်သောကြောင့် စစ်ဆေးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ ဘာသာရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့ဲခြင်း ဖြစ်သည်ဟု “ဝ” ဘက် က ပြောဆိုထားသည်။

UWSP “ဝ” အနေဖြင့် မိုင်းပေါက်သာသနာနယ်အတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းအား ချိတ်ပိတ်ကာ ဘုရားကျောင်း ၅ ကျောင်းအား ဖြိုချဖျက်ဆီးခဲ့ခြင်း၊ ဟိုတောင်း လားဟူကျမ်းစာ ကျောင်းအားပိတ်ပင်ခြင်း၊ ဓမ္မအမှုတော်ဆောင်များ၊ ကျမ်းစာသင် ကျောင်းသူ/သားများအား ဖမ်းဆီးခြင်း၊ ခံဝန်ကတိဖြင့်သာ ပြန်လွှတ်ပေးခြင်းများ နှင့် ခရစ်ယာန်များ၏ တန်ဖိုးထားသော အမှတ်လက္ခဏာများအား ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု လားဟူ ခေါင်းဆောင်များက ပြောသည်။

ထိုကဲ့သို့ ဘာသာရေး ကိုးကွယ်မှု လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်ခြင်း ဖမ်းဆီးအရေးယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသည်သာမက လက်ရှိတည်ဆောက်နေသည့် ဖက်ဒရယ် ပြည်ထောင်စုအတွက် အခက်အခဲဖြစ်စေနိုင်သည့်အတွက် အစိုးရအနေဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) က တောင်းဆိုထားသည်။