ရခိုင်တိုက်ပွဲ စစ်ဘေးရှောင်များ အစားအစာ အသုံးအဆောင်များလိုအပ်နေ
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်။
တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၄၀၀ နီးပါး စားနပ်ရိက္ခာအပြင် အခြားအသုံးအဆောင်ပစ္စည်းများ အဓိက လိုအပ်နေသည်ဟု လူမှုကူညီရေးလုပ်သားများက ပြောသည်။
“သူတို့က လိုအပ်နေတာက ဒီစားနပ်ရိက္ခာရယ် အနွေးထည်ရယ် စောင်ရယ် အဓိကက သူတို့ဆီမှာ ပြေးလာတဲ့ အချိန်မှာကျရင် သူတို့ဆီမှာ ဘာမှမပါဘူးလေ အဲဒါက အဝတ်အထည် ကိုယ်တစ်လုံးနဲ့ပဲလာတာ အဲဒါသူတို့မှာ အိုးခွက်ပန်ကန်တွေလည်း မပါဘူး။ ဒါပေမယ့် စားနပ်ရိက္ခာတွေကျရင် ဆန်၊ ဆီ၊ ဆားတွေ ဆန်တွေဘာတွေတော့ သူတို့မသယ်နိုင်ခဲ့ကြဘူး” ဟု ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပိုးရွှီပြင် မဟာမိတ် လူမှုကူညီမှု အသင်းက သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်က ပြောသည်။
စစ်ဘေးရှောင်လာသူများမှာ ခမီတိုင်းရင်းသားများနှင့် မြိုတိုင်းရင်းသားများဖြစ်ကြပြီး ၎င်းတို့သည် ဖက်ဝန်းချောင်းရွာ၊ ကျောက်ဆည်တောင်ရွာ နှင့် မောင်နှမရွာ မှ စစ်ဘေးရှောင်လာကြသည့် ဒေသခံများဖြစ်သည်ဟု လူမှုကူညီရေး လုပ်သားများက ပြောသည်။
စစ်ဘေးရှောင်လာသည့် ကျေးရွာ ၃ ရွာမှ အိမ်ထောင်စု ၆၀ နှင့် လူဦးရေ ၃၃၉ ဦးတို့အတွက် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်သင်းပုန်းတန်းကျေးရွာတွင် စစ်ဘေးရှောင်စခန် းဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများမှာ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်မှ ရဟတ်ယာဉ်များကို အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ဘေးရှောင်လာသူများမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်သည်များလည်း ပါဝင်သည်ဟု ပိုးရွှီပြင် မဟာမိတ် လူမှုကူညီမှု အသင်းထံမှ သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို လူမှုကူညီရေးအဖွဲ့များက ဆန်၊ ဆီ၊ ဆားအပြင် အခြားလူမှုအသုံးအဆောင်များကို ကူညီလုပ်ဆောင်ပေးနေသော်လည်း ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက ခက်ခဲလာနိုင်သည်ဟု ကိုအောင်ကျော်က ဆက်ပြောသည်။
“ပိုဆိုးလာမှာပေါ့ ဒါကစစ်ဘေးရှောင်တွေက တစ်နေ့တစ်နေ့ ပိုပြီးများလာရင် လူမှုကူညီရေး အဖွဲ့တွေလည်း နောက်ဆိုရင် ကူညီနိုင်တော့မှာ မဟုတ်ဘူးလေ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ်လာမယ်လို့တော့ ကျနော်ထင်တယ်။ အခုကတော့ လောလောဆယ် ကျနော်တို့ ဒီရခိုင်မှာရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ကိုယ်တတ်နိုင်သလောက်ကူနေရတာပဲ နောက်ဆိုရင် အဲဒီအဖွဲ့အစည်းတွေလည်း မကူနိုင်တော့ဘူးထင်တယ်”
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ခမောက်ရွာအနီးတွင်လည်းကောင်း၊ မောင်နှမကျေးရွာနှင့် ကျွန်းသာယာကျေးရွာအကြားတွင်လည်းကောင်း ရက္ခိုင်တပ်မတော် AA နှင့် မြန်မာ့တပ်မ တော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သောင်းဒရားကျေးရွာနှင့် ထီးစွဲကျေးရွာအကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ရက္ခိုင့်တပ်မတော် AA သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လာရာ ဒီဇင်ဘာလ ၁၈ ရက်နေ့ AA ၏ ထုတ်ပြန်ချက်ထဲတွင်လည်း တောဖျားချောင်း နှင့် ယိုးချောင်း အကြား ပညာဝရွာ အနောက်မြောက်ဖက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ် ၂ စင်းဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ပါရှိသည်။
သို့သော် ယနေ့ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး အခြေအနေကို သိရှိနိုင်ရန် ရက္ခိုင့်တပ်မတော် AA ဖက်သို့ ဆက်သွယ်၍ မရသကဲ့သို့ မြန်မာ့တပ်မတော်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။