မြေလွတ် မြေလပ် မြေရိုင်းလျောက်ထားမှု ထားဝယ် ပါတီ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

ကုမ္ပဏီအချို့ မှ ထားဝယ်ဒေသတွင် ဟိုတယ်နှင့် အပန်းဖြေ စခန်းဆောက်လုပ်ရန် မြေလွတ် မြေလပ် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ထားဝယ်တိုင်းရင်း သားများပါတီက ဇန်နဝါရီ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်ထုတ်ကာ ကန့်ကွက် လိုက်သည်။

“အဲဒီမှာ ရေလုပ်သားတွေရှိမယ်၊ ကျွန်းတွေကို မီခိုနေထိုင်နေတဲ့သူတွေရှိမယ်၊ တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခု ပုဂ္ဂလိကပိုင်ကို ချပေးလိုက်ရင် အဲမှာနေထိုင်စားသောက်နေကြရတဲ့လူတွေ ဘယ်မှာသွားနေပြီး ဘာကို လုပ်ကိုင်စားသောက်ကြရတော့မှာလဲ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ သဘာဝဘေး အန္တရာယ်ဆိုရင်လည်း အဲဒီကျွန်းတွေက ကာကွယ်ပေးထားတယ်လေ” ဟု ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်းက ပြောသည်။

လောင်းလုံမြို့နယ်အတွင်းရှိ ကမ်းခြေတစ်ခုနှင့် ကျွန်း ၃ ကျွန်းတို့အနက် ကျောက်တွင်းကျေးရွာအုပ်စုရှိ ကမ်းခြေနေရာသည် ထားဝယ်မြို့ နန်းဟောင်းနေရာဖြစ်ပြီး အခြားကျွန်းများသည်လည်း ဒေသခံ ရေလုပ်သားများ အမှီပြု လုပ်ကိုင်စားသောက်နေရာသော ဒေသဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

“တကယ်လို့ ပုဂ္ဂလိကရသွားမယ်ဆိုရင် ပထမသူတို့လုပ်မှာက သစ်ပင်တွေခုတ်မယ်လေ။ သစ်ပင်ခုတ်လိုက်တာ နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ် သဘာဝပတ်ဝန်းကျင် ပျက်စီးရင် သဘာဝဘေးကို ဘယ်လိုကာကွယ်တော့ မှာလဲ ဒေသခံရေလုပ်သားတွေ မုန်တိုင်းလာရင် အဲဒီကျွန်းတွေပေါ်မှာပဲ မှီခိုကြတယ်။ အဲဒါကြောင့် ကန့်ကွက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ဒေသခံတို့နှင့် ကွင်းဆင်းတွေ့ဆုံလျက်ရှိကြောင်း အဆိုပါကိစ္စကို ဆက်လက်ကန့်ကွက်သွားမည်ဟုလည်း ဦးအေးမင်းက ပြောသည်။

ရှေးခေတ် ကျောက်စီလမ်းကဲ့သို့သော အထောက်အထားများရှိသေးသည့် ထို နန်းတော်ရိုင်ဟု ခေါ်ဆိုကြသော ထောင့်ကွယ်နန်းမြို့ ဟောင်း နေရာကို လုပ်ကိုင်ခွင့်ပေးလိုက်မည်ဆိုပါက ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ မိမိတို့ ထားဝယ်လူမျိုးများ၏ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေးကို ချိုးဖောက်လျက်ရှိကြောင်းကို တွေ့ရသည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပြောထားသည်။

ဒေသခံရေလုပ်သားများ မှီခိုလုပ်ကိုင်စားသောက်ရာနေရာများတွင် ဟိုတယ်နှင့် အပန်းဖြေစခန်း ဆောက်လုပ်ရန် လျှောက်ထားလာမှုကို ဒေသခံများ၏ သဘောဆန္ဒမပါပဲ လုပ်ကိုင်ခွင့်မပြုရန် ဒေသခံတို့၏ ဆန္ဒနှင့်အညီသာ လုပ်ကိုင်ခွင့်ကို ဆုံးဖြတ်ရန် ထားဝယ်တိုင်းရင်းသားများပါတီက ပြည်ထောင်စုအစိုးရနှင့် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရကို တိုက်တွန်းထားသည်။