ရခိုင်မြောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်ဘေးရှောင် ၂၀၀၀ ခန့်ရှိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း တပ်မတော်ဖက်မှ တပ်အင်အား ပိုမိုတိုးချဲ့ ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု ရက္ခိုင့်တပ်မတော် AA က ပြောသည်။
“တိုက်ပွဲဖြစ်တဲ့ ဇုန်ထဲကို နောက်က စစ်အင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတာ ရှိတယ်ခင်ဗျ။ အဲဒါကြောင့်မို့လို့ တိုက်ပွဲကတော့ ဆက်ပြီးပြင်းထန်လာနိုင်တဲ့ အနေအထားတွေရှိတယ်ခင်ဗျာ” ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ယနေ့ ဇန္နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ရင်း ကင်းစခန်း ၄ ခုကို AA က တိုက်ခိုက်ပြီးနောက် ၎င်းဒေသအတွင်းသို့ စစ်ကူလိုက်လာသည့် တပ်မတော် တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု AA က ပြောသည်။
“တိုက်ပွဲကတော့ မရပ်သေးဘူး ဆက်ဖြစ်နေတုန်းပဲ ဗမာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိ တယ်ခင်ဗျာ။ အဲမှာ ဒေသတွင်း တစ်ခုလုံးကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေကော နောက် ဟာလီကော် ပတာတွေနဲ့ ပတ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်ခင်ဗျား။ ခထီးလှရွာ ဆိုလို့ရှိရင်တော့ တစ်ရွာလုံး မီးလောင်သွားပြီခင်ဗျား။ အဲဒီ ခထီးလှရွာဆိုတာ ကျနော်တို့ ရခိုင်မျိုးနွယ်စုပေါ့လေ မြိုလူမျိုးတွေ နေထိုင်တဲ့ရွာ အဲဒါကတော့ တစ်ရွာလုံး မီးလောင်သွားပြီ” ဟု ခိုင်သုခက ပြောသည်။
ရခိုင်ပြည်နယ်က မြို့ နယ် ၄ မြို့ နယ် အတွင်းသို့ တပ်မတော်မှ တပ်အင်အား ဖြည့်တင်းလာသည်ဟု ခိုင်သုခက ဆက်ပြောသည်။
“အခုက အဓိကတိုက်ပွဲဖြစ်နေတဲ့ မြို့နယ် ၄ ခုပေါ့နော် အဲဒီမှာ ဘူးသီးတောင်ရယ် ရသေ့တောင်ရယ် နောက်ပုဏ္ဏားကျွန်းရယ်၊ နောက်ကျောက်တော် ပလက်ဝဖက်ပေါ့နော်၊ အဲဒီဖက် အကုန်လုံးမှာတော့ သူတို့ အင်အားတွေ အများကြီး ထပ်ဖြည့်နေတာရှိတယ်ခင်ဗျ။ အထူးသဖြင့် ရသေ့တောင်နဲ့ ဘူးသီးတောင်ဖက်မှာ အင်အားတွေ အလုံးအရင်းနဲ့ သူတို့ဖြည်ပြီးတော့ ကျနော်တို့ကို ထိုးစစ်ဆင်နေတာ ရှိတယ်ခင်ဗျ”
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ကျောက်တော်မြို့နယ် ဘက်တွင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ဒေသဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့အကြား တိုက်ပွဲဖြစ်ပွါးရာ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ဘေးရှောင် (၂၀၀၀) ကျော်ခန့် တိုးလာသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။
စစ်ဘေးရှောင်ပြည်သူများအား ရိက္ခာအကူအညီပေးရေးမှာလည်း အစိုးရတပ်မတော်ဘက်မှ ကန့်သတ်မှုများ ရှိနေသည့်အတွက် အခက်အခဲများ ရှိနေသည်ဟု ကျောက်တော်မြို့ နယ်အတွင်းရှိ စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်က ပိုးရွှီးပြင် မဟာမိတ်လူမှုကူညီရေးအသင်းမှ ကိုငယ်ဦးမောင်က ယခုလိုပြောသည်။
“လက်ရှိဒုက္ခသည် ကယ်ဆယ်ရေးစခန်းက ၅ နေရာရှိတယ်။ ကျောက်တော်မြို့နယ်ထဲမှာလေ။ တောင်မင်းကုလားရွာ၊ ဝါးတောင်ရယ်၊ ကန်ဇောက်ဒုက္ခသည်စခန်းရယ်၊ အဲ့သုံးနေရာက ကားလမ်းနံဘေးမှာရှိတာ။ အဲ့မှာတော့ ရိက္ခာတော်တော်များများရောက်တယ်၊ သွားလာခွင့်မရှိတဲ့နေရာက နှစ်နေရာရှိတယ်။ သလူချောင်းဒုက္ခ သည်စခန်းရယ်၊ ငါစရိုင်းသိုင်းစခန်းရယ်ပေါ့၊ အဲ့နားမှာရွာပေါင်း ၂၀ ဝန်းကျင်လောက်ရှိတယ်။ အဲ့မှာက ပိတ်မိ ဒုက္ခသည်တွေဖြစ်နေတယ်။ ရိက္ခာပါရင် အဲ့ဘက်ကို တက်ခွင့်မပြုဘူး။ တောင်မင်းကုလားရွာမှာ စစ်တပ်ဂိတ်ထားတယ်၊ အဓိက ဆန်ကိုပေးမပို့ဘူး။ စစ်ရှောင်တွေဆီကို မပို့ခိုင်းဘူး” ဟု ကိုငယ်ဦးမောင်က ပြောပြသည်။
ပြီးခဲသည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေး နွေးသွားရန် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ထားသော်လည်း ရက္ခိုင့် တပ်မတော် AA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ပါဝင်ခဲ့ခြင်း မရှိပေ။
“အခုက ဒီ စစ်တိုင်းကြီး ၅ ခုကို ရပ်ခိုင်းထားပြီးတော့ အနောက်ဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော် AA အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မပါဘူး။ ဆိုတဲ့ဟာက သူတို့က ဟိုဖက်ကို ရပ်ထားပြီးတော့ ကျနော်တို့ကို ဒါအကြီးအကျယ် တိုက်မယ်ဆိုတဲ့ သဘောပဲ အဲဒီအတိုင်းပဲ အခုတကယ်လည်းပဲ သူတို့ အဲဒီအတိုင်း အကောင်အထည်ဖော်နေတာခင်ဗျာ” ဟု AA က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် တစ်ဖက်တွင် ရက္ခိုင့်တပ်မတော် AA ပါဝင်သည့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ လလယ်အတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ်က နှစ်ဖက် သဘောတူထားခဲ့ကြသည်ဟု သိရသည်။
“သူတို့ဖက်ကနေပြီးတော့ ထိုးစစ်အကြီးအကျယ် ဆင်နေပေမယ့်လို့ ကျနော်သိသလောက်တော့ FPNCC နဲ့ PC ကြားမှာတော့ ဇန်နဝါရီလလယ်လောက်မှာ ပြန်တွေ့ကြမယ်ဆိုတဲ့ ညှိနှိုင်းချက်တွေ ရှိတယ်ခင်ဗျာ။ ကျနော်တို့ကတော့ အခုလိုမျိုး ဗမာ့တပ်မတော်ကနေပြီးတော့ အင်အားအလုံးအရင်းနှင့် သဲကြီးမဲကြီး အဲလိုမျိုးတိုက်နေတဲ့ ဥစ္စာကတော့ တကယ်ဆိုလို့ရှိရင် သူတို့ ပြောတဲ့ ငြိမ်းချမ်းရေးကို သူတို့ကိုယ်တိုင်ပဲ ဖျက်ဆီးနေသလားဆိုပြီးတော့ ကျနော်တို့ကတော့ အဲလိုမျိုးမြင်တယ်။ အခုလိုမျိုး အင်အားသုံးပြီး တိုက်ခိုက်နေတဲ့ဟာက တကယ်တော့ အဖြေမဟုတ်ဘူးနော အခုလိုမျိုး တိုက်ခိုက်နေတဲ့အတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးမှာ အတားအဆီးဖြစ်နေတဲ့ ကိစ္စတွေဗျာ” ဟု ခိုင်သုခက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲများ တစ်နေ့ ထက်တစ်နေ့ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်အထိဖြစ်သည်။
တိုက်ပွဲကြောင့် ဒေသခံများမှာ ၎င်းတို့၏ နေရပ်ကို စွန့်ခွာကာ စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကာ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။