ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မကြာမီပြန်လည် ပါဝင်နိုင်တော့မည်ဟု KNU ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများနှင့် မကြာမီတွေ့ဆုံဆွေးနွေးသွားရန်ရှိသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လုပ်ဆောင်နေသည့် KNU ကိုယ်စားလှယ်များမှ အဖွဲ့အစည်းအတွင်းရှိ အဖွ့ဲဝင်များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းမှုများကို လုပ်ဆောင်ပြီးမြောက်သွားပြီဖြစ်သည့်အတွက် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ပြန်လည်ပါဝင်တော့မည်ဟု KNU က ပြောသည်။
“အဲဒီ တစ်ဆို့မှုတွေပေါ့ တစ်ဆို့မှုတွေကို ကျနော်တို့က အစည်းအဝေးက ခဏခဏခေါ်တယ်ဗျာ။ ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်းဗျာ ပြီးရင် ဒီမှာရှင်းပြရမှာ ရှင်းပြချိန်ကို မရှိတော့ဘူး တစ်ခုပြီး ခေါ်ပြန်ပြီး သွားပြန်ပြီး ရှင်းပြဖို့ ကိုယ့်ထဲမှာ ဒီမှာ လုံးလည်ကျပ်ပြားဖြစ်ပြီးမှ အဲဒါကြီးဟာ တစ်ဆို့ပြီးတော့ အခဲကြီးကို ဖြေရှင်းနိုင်အောင် ခေတ္တရပ်ထားတာ ရပ်ထားပြီး ဒီမှာဖြေရှင်းနေရတာ ဖြေရှင်းတော့ အခုပြီးပြီ ပြီးတော့ အခုကျနော်တို့ အဲဒါပြန်ဝင်မယ်” ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း က ပြောသည်။
ဇန္နဝါရီလ ၃၁ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၇ နယ်မြေရှိ ကလိုယော်လေးဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေး အခမ်းအနားတွင် သတင်းနှင့် မီဒီယာကွန်ရက်အား ပဒိုစောသမိန်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပဒိုစောသမိန်ထွန်းက “ကျနော်တို့ အခု အခမ်းအနားတွေ ပြီးရင် ကျနော်တို့ စမယ်လေ စတော့မယ် စတာကတော့ ကျနော်တို့ ဗဟိုကနေ သေသေချာချာ မထုတ်ပြန်သေးတော့ ကျနော်မပြောလိုဘူး။ ကျနော်တို့ အစီအစဉ် ရှိထားတယ် ခေါင်း(ဂေါင်) ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ သူတို့နဲ့ အရင်ဆွေးနွေး ပြီးရင်ဆက်တက်မှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် တစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဖယ်ရှားရန်အတွက် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံမှုများကို လုပ်ဆောင်လျက်ရှိပြီး တရားဝင်ဆွေးနွေးပွဲများကို ယာယီဆိုင်းငံ့ထားသည်။
ပဒိုစောသမိန်ထွန်းက “ကျနော်တို့ မဖျတ်ဘူး NCA ကို လုံးဝမဖျတ်ဘူး ပျက်အောင်လည်း ကျနော်တို့ မလုပ်ဘူး အဲဒါ ဆက်သွားမယ်” ဟုပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် KNU အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် NCA စာချုပ် အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကွဲလွဲမှုများရှိနေသည့်အပြင် လုပ် ငန်းပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုများတွင်လည်း မတူညီသည့် အမြင်များကြောင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ တစ်ဆို့နေသည်ဟု သိရသည်။
“ဆက်ဆွေးနွေးရမှာပဲ အဓိပ္ပယ်ဖွင့်ဆိုမှုကတစ်ချက် အကောင်အထည် ဖော်တဲ့နေရာမှာလည်း လိုအပ်တယ်လို့ ထင်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အခြေခံ ရည်မှန်းချက်ကတော့ တူတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်းပဲ နားလည်မှုထက် အကောင်အထည်ဖော်တဲ့ နေရာမှာသွားချင်တဲ့ အဆင့်မတူတဲ့အပေါ်မှာ ဒီလိုအခက် အခဲရှိလာမယ်။ ဒီမိုကရေစီဖက်ဒရယ် သွားမယ်ဆိုတာ အတူတူ လက်ခံကြတာကိုး သို့သော်လည်းပဲ ဘယ်လိုသွားမလဲ ဘယ်အဆင့်လို သွားမလဲဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ ရပ်တည်ချက် ကိုယ့်ရဲ့အမြင်က မတူဘူး တပ်မတော်ရဲ့ အမြင်က တစ်မျိုးဖြစ်မယ် တိုင်းရင်းသား လက်နက်ကိုင်အမြင်ကလည်း တစ်မျိုးဖြစ်မယ် အစိုးရက မြင်မယ် ပြည်သူလူထုကလည်းမြင်မယ် ဒါကြောင့်အများကြီးရှိနေတာပေါ့နော” ဟု ကရင်မျိုးသား အစည်းအရုံး KNU ဒု- ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – PC ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ဖြစ်သည်။