မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တရုတ်နိုင်ငံတွင် တွေ့ဆုံ

သတင်းနှင့်မီဒီယာကွန်ရက်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့၊ ၂၀၁၉  ခုနှစ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ၄ ဖွဲ့တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်မြို့တွင် ငြိမ်းချမ်းရေး အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ် မတော်(AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ မှ ခေါင်းဆောင်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့တို့  ၄ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယူနန်ပြည်နယ် ကူမင်မြို့ရှိ World Trade Center တွင် ယနေ့နံနက် ၁၀ နာရီမှစ၍ ညနေ ၃ နာရီ အထိ နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှ မိမိတို့ ဖြစ်ချင်သည့် ပုံစံ အနေအထားများကို တဖွဲ့ချင်းစီအလိုက် ဆွေးနွေးခဲ့မှုများရှိခဲ့ပေမယ့် တစ်စုံတစ်ရာ ရလာဒ်ကောင်းများ ရရှိခဲ့ခြင်းမရှိဟုလည်း တရုတ် မြန်မာ နယ်စပ် သတင်းများအရ သိရှိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် အစိုးရဖက်မှ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချူပ် လက်မှတ်ရေးထိုးရေးကိစ္စ အား အဓိကထား ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောဆိုရန် အစိုးရကိုယ်စားလှယ်များမှ ငြင်းဆိုခဲ့သည်။

နှစ်ဖက်ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ရက္ခိုင်တပ်မတော် AA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ ဆွေးနွေးမှုများနှင့် ပတ်သက်၍ မသိရှိရသေးကြောင်းနှင့် ခေါင်းဆောင်များအား ဆက်သွယ်၍မရသေးကြောင်းသာ ပြောဆိုသည်။

အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ၊ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး၊  ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ နှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင် တို့ တက်ရောက်ခဲ့ကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) မှ အထွေထွေအတွင်းရေးမှူး ဦးထိန်နန် ၊  ရက္ခိုင့်တပ် မတော်(AA) မှ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့မှ ဒုဥက္ကဋ္ဌ တာဂျုတ်ဂျား နှင့်  မြန်မာပြည် အမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့မှ ပြင်ပဆက်ဆံရေး ဌာနကြီးမှူး ဒုတိယဗိုလ်မှူးကြီး ဘုန်းဝင်းနိုင် ဦးဆောင်သည့်  ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယနေ့ အလွတ်သဘောဆွေးနွေးပွဲကို UWSA ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA (မိုင်းလား အဖွဲ့) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့မှ ကိုယ်စားလှယ်များက လေ့လာသူ/ သက်သေများ အဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်း၌လည်း  ငြိမ်းချမ်းရေး ကော်မရှင် PC နှင့်  ရက္ခိုင့် တပ်မတော် (AA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်  မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး  ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် စစ်ရေးဆိုင်ရာ ဦးစွာရပ်တန့်၍ နိုင်ငံရေးနည်းလမ်း အရ ဆောင်ရွက်လိုသည်ဟု  AA/TNLA/MNDAA သုံးဖွဲ့ပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် UWSA ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIO၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ၊ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA အဖွဲ့ များသည် ၂၀၁၅ ခုနှစ် မေလတွင် ပထမဆုံးအကြိမ် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအဖြစ် စုစည်းခဲ့ကြပြီးနောက် အစိုးရနှင့် NCA အခြားလမ်းကြောင်းမှတဆင့် ဆက်ဆွေးနွေးကြရန် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC တစ်ရပ် ဖွဲ့စည်းထားသည်။