အပစ်ရပ် ကြေညာထားသော်လည်း တပ်မတော်နှင့် KIA၊ TNLA တို့ တိုက်ပွဲများ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်။
တပ်မတော်မှ လေးလကြာအပစ်ရပ်ထားသည့် ကာလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA တို့နှင့် တပ်မတော်တို့အကြား မတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။
မတ်လ (၆) ရက်နေ့ ယနေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု KIO/KIA က ပြောသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “စစ်ဖက်ဆိုင်ရာ သတင်းတွေ ကတော့ မရသေးဘူး ဒါပေမယ့် ဒီအရပ်ဖက် သတင်းနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကေအိုင်အေ တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေဖက်မှာ ဒီတပ်မတော်ဖက် က ထိုးစစ်ဆင်လာလို့ ခုခံ တိုက်ပွဲဖြစ် တယ်ဆိုတဲ့ သတင်း လောက်ပဲကြားပါတယ်။ မိနစ်ပိုင်းပဲဖြစ်ပြီးမှ ပြန်ငြိမ် သွားတယ်လို့ ကြားပါတယ်။ အခုဆက် ပြီးတော့ ပြန်ဖြစ်တဲ့ သတင်းတွေကတော့ ဘာမှမကြားရသေးဘူးခင်ဗျာ” ဟု ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန် ဗိုလ်မှူးကြီးနော်ဘူ က ပြော သည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA လှုပ်ရှားရာဒေသတွင် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
အလားတူ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်(ခွဲ) မုံးဟွမ်ကျေးရွာနီး မန်ပုံတောင်တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် မြန်မာ့တပ်မတော်မှ တပ်မ (၉၉) တို့ အကြား မတ်လ (၅)ရက်နေ့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထား သည်။
မတ်လ (၆) ရက်နေ့ထုတ် အဆိုပါထုတ်ပြန်ချက်ထဲတွင် ၂၀၁၉ ခုနှစ်အတွင်း PSLF/TNLA နှင့် မြန်မာ့ တပ်မ တော်တို့အကြား တိုက်ပွဲပေါင်း (၅) ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
KIO/KIA နှင့် တပ်မတော်ကြား မတ်လ ၆ ရက်နေ့(ယနေ့)တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေ၊ ယမန်နေ့ (မတ်လ ၅) ရက်နေ့က ဖြစ်ပွားသည့် PSLT/TNLA နှင့် တပ်မတော်တို့အကြားက တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပေ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA လှုပ်ရှားသည့် စစ်တိုင်းများအပါအဝင် စစ်တိုင်း ၅ တိုင်းကို ၄ လကြာ အပစ်ရပ်စဲမည်ဟု ကြေညာထားသည်။
သို့သော် အပစ်ရပ်ကာလအတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့အကြား တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု KIO/KIA က ဆက်ပြောသည်။
“ကချင်ပြည်နယ်ဖက်မှာတော့ မရှိပါဘူး ဒါပေမယ့် အဲဒီရှမ်းမြောက်ဖက်မှာကတော့ အခုတစ်ခါနဲ့ဆိုတော့ သုံးကြိမ်တော့ဖြစ်ပြီ။ ခုနပြောနေတဲ့ ကွတ်ခိုင်မြို့နယ် အရင်ဖြစ်တာလည်း ကွတ်ခိုင်မြို့နယ်ဖက်မှာ ဖြစ်တယ်။ ကေအိုင်အေ တပ်ရင်း ၉ နယ်မြေဖက်မှာ ဖြစ်ပါတယ်။ အခုကတော့ တပ်ရင်း ၈ နယ်မြေဖက်မှာ ပြန်ဖြစ်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
တပ်မတော်မှ အပစ်ရပ်ကြေငြာပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲမှာ သိသိသာသာလျှော့နည်းသွားခဲ့သည်ဟု သိရသည်။
တပ်မတော်မှ အပစ်ရပ်ထားသော်လည်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တိကျသည့် နယ်မြေသတ်မှတ်မှု သဘောတူစာချုပ် မရှိသေးသည့်အတွက် အနည်းငယ် လှုပ်ရှားမှု ပြုရုံဖြင့် တိုက်ပွဲများ ဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိသည်ဟု KIO/KIA က ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၁၁ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်တော် KIO/KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(PSLF/TNLA) တို့သည့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ဝင်များဖြစ်ပြီး အစိုးရနှင့် နှစ်ဦးနှစ်ဘက် အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး အစိုးရထံ အဆိုပြုထားသည့် အဖွဲ့များ ဖြစ်သည်။