KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် အလွတ်သဘော ထပ်မံတွေ့ဆုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးရသေးသည့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP မှ ခေါင်းဆောင်ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ နှစ်ဦးနှစ်ဘက် ပဏာမ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူချက်များကို ထိန်းသိမ်းသွားနိုင်ရေးကိစ္စ၊ ကရင်နီနယ်မြေအတွင်းမှ အောက်ခြေတွင် ဖြစ်ပေါ်နေသော ပြဿနာများကိစ္စ နှင့် NCA လက်မှတ်ရေးထိုးရန် လိုအပ်ချက်များကိစ္စ များကို ဆွေးနွေးသွားရန်ရှိသည်ဟုပြောသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဖက်မှ NCA လက်မှတ်ရေးထိုးရေးကိစ္စနှင့် ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗဟိုကော်မတီဝင် ခူတော်ရယ် (သက်)၊ ဗဟိုကော်မတီဝင် ခူထဲဘူး၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် နဲနယ်ပလိုး နှင့် ရုံးအဖွဲ့ဝင် ခွန်နောင် တို့ တက်ရောက်ခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ကို အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ရုံးအဖွဲ့ဝင် ဦးကျော်လင်းဦးတို့ တက်ရောက်သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် ထိုအချိန်က တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ သော်လည်း ၃ လ အကြာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး သဘောတူညီမှု ပျက်ပြားခဲ့သည်။
၂၀၁၂ ခုနှစ် မတ်လတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉ ရက်နေ့တွင် ပဏာမပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။