NRPC နှင့် တပ်မတော် ဆွေးနွေးရေးအဖွဲ့တို့နှင့် KNPP တွေ့ဆုံရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်။
ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တပ်မတော် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နှင့် မကြာမီ တရားဝင်တွေ့ဆုံရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် သဘောတူခဲ့သည်။
မတ်လ ၁၀ ရက်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကိစ္စရပ်အား ထည့်သွင်း ဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြသည်ဟု နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
“အလွတ်သဘောဆိုပေမယ့် သဘောတူညီချက်ရတယ်။ အဲတော့ အဓိကကတော့ NCA ရေးထိုးရေးကို ဘယ် လိုသွားမလဲ ဘယ်လိုသွားမလဲဆိုတဲ့အပိုင်းမှာ ကျနော်တို့ NRPC နဲ့ ဆွေးနွေးမယ်။ ပြီးရင် တပ်မတော်က ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးမယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
သို့သော် တရားဝင် တွေ့ဆုံဆွေးနွေးနိုင်မည့်ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးသော်လည်း နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တွေ့ဆုံမည့်ရက်ကို ပြန်လည်ညှိနှိုင်းသွားမည်ဟု ပြောသည်။
“ကျနော်တို့ကတော့ ဒီမတ်လအတွင်းမှာပေါ့ ဖြစ်အောင် လုပ်ချင်တယ် အဲဒါက အချိန်ကိုတော့ နည်းနည်းညှိ နေ သေးတာပေါ့” ဟု KNPP က ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးနိုင်ရေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဖက်က အဓိကထား ဆွေးနွေးခဲ့သော်လည်း KNPP အနေဖြင့် NCA အပေါ်သဘောထားကို ယခုကဲ့သို့ ပြောဆိုခဲ့သည်ဟု နဲနယ်ပလိုး က ဆက်ပြောသည်။
“NCA ကတော့ ကျနော်တို့ လိုလားတဲ့ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲ ရလာဒ်နဲ့အညီ ရလာမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အဲဒီကို ဦးတည်ပြီးတော့သွားမယ့် လမ်းကြောင်းတစ်ခုဖြစ်တယ်။ အဲဒီအပေါ်မှာ KNPP တော့ NCA လမ်းကြောင်းအတိုင်း ဆက်သွားဖို့ ရှိပြီး အဲဒီ လမ်းကြောင်းကို ရှောရှောရှူရှူ သွားနိုင်အောင် ဒီကြားထဲမှာ ညှိရမယ့် အပိုင်းတွေပေါ့နော် အဲဒါတွေကို ဒီနေ့ အဓိကထားပြီးတော့ ဆွေးနွေးဖြစ်ပါတယ်” ဟု နဲနယ်ပလိုးက ပြော သည်။
ယနေ့ ပြုလုပ်သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် NCA ကိစ္စရပ်အပြင် KNPP မှ ပြည်ထောင်စုအဆင့် ပြည် နယ်အဆင့် လက်မှတ်ရေးထိုးပြီးနောက် အစိုးရနှင့် ပြုလုပ်လျက်ရှိသည့် လစဉ်ပုံမှန်အစည်း အဝေးကိစ္စရပ်များ၊ တပ်မတော်မှ ကရင်နီပြည်နယ်အတွင်း တပ်အင်အား တိုးချဲ့နေမှု အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
“အဓိကကတော့ KNPP နဲ့ ကတော့ ပြဿနာကြီးကြီးမားမားကြီး မရှိဘူး။ တပ်ပိုင်းဆိုင်ရာ ကိစ္စအချို့ရှိတယ်လို့ သူတို့ပြောတယ်ပေါ့ ဒါကတော့ တပ်မတော်နဲ့ သူတို့သီးသန့်တွေ့တဲ့အခါမှာ သူတို့ အကြေအလည်ဆွေးနွေးဖို့ ကျနော်တု့ိက ပြောတယ်ပေါ့။ အစိုးရပိုင်းမှာတော့ တစ်ချို့ပြည်နယ်အဆင့်မှာ အောက်ခြေမှာ ထိတွေ့ဆက်ဆံတဲ့ အပေါ်မှာ တွေ့ဆုံတဲ့ဟာလေးတွေပေါ့ ပိုမိုအဆင်ပြေထိရောက်ဖို့ဟာလေးမျိုးတွေ သူတို့ဖက်ကလည်း တောင်း ဆိုတယ်လေ အဲဒါတွေလည်း ကြီးကြီးမားမား ပြဿနာတွေတော့ မဟုတ်ဘူး သို့သော် ဒီ NCA ရေးထိုးရေး အ တွက် ပိုပြီးတော့ အထောက်အကူပြုအောင်ပေါ့ အဲဒါလေးတွေ ဆွေးနွေးတာပေါ့” ဟု ဦးဇော်ဌေးက ပြောသည်။
ယနေ့ပြုလုပ်သည့် KNPP နှင့် ငြိမ်းချမ်းရေးကော်မရှင် PC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ KNPP မှ ဒု-ဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗဟိုကော်မတီဝင် ခူးတော်ရယ်(သက်)၊ ဗဟိုကော်မတီဝင် ခူးထဲဘူး၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် နဲနယ်ပလိုး နှင့် ရုံးအ ဖွဲ့ဝင် ခွန်နောင် တို့ တက်ရောက်ခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင် PC ဖက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး(ငြိမ်း) က ဦးဆောင်၍ နိုင်ငံ တော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ အဖွဲ့ဝင် ဦးအောင်စိုး၊ ရုံးအဖွဲ့ဝင် ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် ၁၉၅၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက် မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး သဘောတူညီမှု ပျက်ပြားခဲ့သည်။
၂၀၁၂ ခုနှစ် မတ်လတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ အစိုးရနှင့် ပဏာမ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှင့် ဇွန်လ ၉ ရက်နေ့တွင် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။