NRPC နှင့် ဆွေးနွေးပွဲ AA တက်ရောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်။
မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် ULA/AA အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ FPNCC အဖွဲ့ဝင်များနှင့်အတူ တက်ရောက်သွားမည် ဟု ရက္ခိုင့်တပ်မတော် ULA/AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကပြောသည်။
“တက်ဖို့ရှိတယ်ခင်ဗျာ။ ကျနော်တို့ဖက်က ဗိုလ်မှူးကြီးကျော်ဟန် ခေါင်းဆောင်ပြီးတော့ သွားဖို့ရှိတယ်။ ကျနော် တို့က ဖိတ်စာက ဒီ FPNCC ကတစ်ဆင့်ရတာ ဆိုတော့ FPNCC အဖွဲ့ဝင်တွေသွားမှာ။ အဲဒါကြောင့် ကျနော်တို့ လည်းသွားမှာ။”
NRPC ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ခိုင်သုခက ယခုလို ဆက်ပြောသည်။
“ဒါကတော့ အခုအချိန်မှာ ပြောလို့ မရသေးဘူးခင်ဗျ။ အဲဒီပွဲပြီးမှပဲ ပြောလို့ရမှာ ကျနော်တို့က ဒီ FPNCC တစ်ဖွဲ့ လုံးသွားကြမှာလေ အတူတူပဲပေါ့ တစ်ဖွဲ့ချင်းပြောလည်း အဲဒီစကားပဲ FPNCC နဲ့ ပြောလည်း အဲဒီစကားပဲ အတူတူပဲဗျာ”
ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တရားဝင် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။ မတ်လ ၂၂ ရက်နေ့တွင်မူ တပ်မတော် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံသွားမည်ဟု NRPC က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများထံသို့ မတ်လ ၁၃ ရက် နေ့စွဲဖြင့် ပေးပို့သည့် ဖိတ်ကြားစာထဲတွင် တွေ့ရသည်။
အစိုးရက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည့် မြောက်ပိုင်း မဟာမိတ်ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA (ရက္ခိုင့်တပ်မတော် AA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF (တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP ကိုးကန့် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်း ချမ်းရေးနှင့်စည်းလုံးရေးကော်မတီ (PSC မိုင်းလား) နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP တို့ဖြစ်သည်။
FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများအားလုံး အစိုးရက ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ဆိုသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မည် မတက်ရောက်မည်ကို ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်သွားရန်ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA ကလည်း ဆွေးနွေးပွဲ တက်ရောက်မည့် အခြေအနေနဲ့ ပတ်သက်ပြီး “ဖိတ်စာကတော့ ကျနော်တု့ိ လက်ခံရရှိပြီ ကျန်တဲ့ဟာကတော့ ကျနော်တို့ အစည်းအဝေး လုပ်ပြီးမှပဲ သိရမှာပေါ့နော။ အသေးစိတ်က သွားဖို့မသွားဖို့ကတော့ ဒီအစည်းအဝေးပြီးမှပဲသိရမယ်။ ဘယ်သူတွေသွားမလဲပေါ့။ ကျနော်တို့ဆီက ကျနော်တို့အတွင်းမှာပဲ” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
ထို့အတူ ညီညွှတ်သော တိုင်းရင်းသားများ လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ကိုလည်း NRPC က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားပြီး KNPP အနေဖြင့် တက်ရောက်သွားမည်ဟု မတ်လ ၁၅ ရက်နေ့က သတင်းနှင့် မီဒီယာကွန်ရက်အား ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်မတော် ULA/AA နှင့် တပ်မတော် တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တပ်မတော်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ရှိနေသည်ဟု ခိုင်သုခ က ပြောသည်။
“အခုအချိန်အထိ အနေအထားကို သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲကတော့ ရှေ့မှာ ဒီထက်ပြင်းထန်လာတဲ့ အနေအထားရှိသလို စစ်ပွဲဧရိယာကလည်း ပိုပြီးတော့ကျယ်ပြန့်လာနိုင်တဲ့ အနေအထားရှိတယ်။ အခု မြန်မာစစ်တပ်ဖက်က ထိုးစစ်တွေက ပိုပြီး အရင်တုန်းကထက် ဆိုးရွားလာတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အပြင်းဆုံးလို့ ပြောလို့ရတဲ့ လေကြောင်းညလုံးပေါက်တိုက်ခိုက်မှုကိုလွန်ခဲ့တဲ့ မတ်လ ၁၃ ရက် နေ့မှာ မြန်မာစစ်တပ်ဖက်က လုပ်ခဲ့တယ်”
မတ်လ ၁၅ ရက်နေ့က အခြေအနေနှင့် ပတ်သက်ပြီး ULA/AA က “နောက်ပြီးတော့ မနေ့ကလည်းပဲ အရပ်သား ပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်လာတယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ရှေ့ဟောင်းအမွေအနှစ်တွေကို သူတို့ ဖျတ်ဆီးဖို့ ကြိုးပမ်းလာတာ လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်နေတယ် အဲဒီနေရာတွေကိုဆိုတော့ အဲဒီကြောင့်မို့လို့ တိုက်ပွဲဧရိယာက ရှေ့မှာပိုပြီးတော့ ကျယ်လာနိုင်တဲ့ အနေအထားရှိတယ်” ဟု ခိုင်သုခ က ပြောသည်။
ပြီးခဲသည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေး နွေးသွားရန် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ထားသော်လည်း ရက္ခိုင့် တပ်မတော် AA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ပါဝင်ခဲ့ခြင်း မရှိပေ။