ဖမ်းဆီးခံ ရွာသားများ ပြန်လွတ်ရေး တအာင်းရွာသားများ ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဖမ်းဆီးထားသည့် ရွာသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ကာ တောင်းဆိုလိုက်သည်။

မတ်လ ၁၇ ရက်နေ့ (ယမန်နေ့) တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ တအာင်းအရပ်ဘက် လူမှုအဖွဲ့ အစည်းများက ဦးဆောင် ပြုလုပ်သည့် ဖမ်းဆီးခံရွာသားများ လွှတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲမှ ဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က ၂ ချက်ပဲရှိပါတယ်။ ပထမတစ်ချက်ကတော့ ဒီပျောက်ဆုံးနေတဲ့ မန်လီရွာသား ၁၂ ယောက်ကို အမြန်ဆုံးလွှတ်မြောက်ဖို့ရယ်။ နောက်တစ်ချက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ် တန့်ဖို့ရယ် ဆိုတဲ့ ရယ်ရွယ်ချက် ၂ ချက်နဲ့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO အထွေထွေအတွင်းရေးမှူး လွေးပိုးကမေဲ;ခြိုပ်းကပြောသည်။

ယခုလ အစောပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA တို့ နမ္မတူမြို့နယ် မန်လီကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မန်လီရွာသားများ ကို RCSS/SSA က ဖမ်းဆီးခဲ့သည်ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများက ဆိုသည်။

မန်လီကျေးရွာသားများကို RCSS/SSA က ဖမ်းဆီးထားသည့် အထောက်အထားများကိုလည်း ရရှိထားသည့်အတွက် RCSS/SSA အနေဖြင့် ရွာသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“ကျမတို့ တွေ့ထားတာက RCSS က ဖမ်းသွားတယ်။ အထောက်အထားကတော့ ကျမတို့ကရွာသားတစ်ယောက်က memory card တစ်ခုပေါ့နော ကောက်ရတဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ရုံးမှာ လာပေးတယ်။ အဲဒီ memory card ကို စစ်ဆေးကြည့်တဲ့အခါမှာ RCSS စစ်သားပုံပေါ့ ပြီးလို့ရှိရင် ဦးယွတ်စစ်နဲ့ အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တွေ့ရတယ်။ ပြီးလို့ရှိရင် ကဒ်ပိုင်ရှင်ရဲ့ ဓာတ်ပုံတွေ တွေ့ရတယ်။ သူ့ရဲ့မိသားစုဝင်တွေရဲ့ ဗီဒီယို ဖိုင်တွေတွေ့ရတယ်ပေါ့နော တစ်ချိ့သော ဓာတ်ပုံတွေကျတော့ ကျမတို့ လိုင်းပေါ်မှာ တင်ထားတယ်။ အဖမ်းခံရတဲ့ မန်လီရွာသားပုံတစ်ချို့ပေါ့နော အဲဒီပုံတွေလည်း အဒီကဒ်ထဲမှာ တွေ့ရတယ်ပေါ့နော ဒါကြောင့်မို့လို့ ဒီ memory card မှာ သက်သေအထောက်အထားတွေက တိတိကျကျ ဖော်ပြထားတဲ့အတွက်ကြောင့်မို့လို့ RCSS ဖမ်းတယ်လို့ ကျမတို့အနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောပြလို့ရတာပေါ့နော” ဟု လွေးပိုးကမေဲးခြိုပ်းက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS/SSA ဖက်သို့ ပြောဆိုလာမှုများရှိသည့်အတွက် ဟုတ်၊ မဟုတ် သေချာ စီစစ်ပြီးမှ အကြောင်းပြန်မည်ဟု ပြောဆိုထားကြောင်း၊ ရွာသားများအား အမှန်တကယ် ဖမ်းဆီးထားပါက ဆန္ဒပြခြင်း မပြခြင်းကြောင့် မဟုတ်ပဲ အချိန်တန်ပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိတွင် အခြေအနေကို တိကျသေချာစွာ မသိရှိရသေးပဲ စီစစ်နေသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

“ဆန္ဒပြတယ်ဆိုတာက သူတို့လိုချင်တာကို သူတို့တောင်းတာပေါ့နော် ဆန္ဒပြတာ မဟုတ်ပဲနဲ့ အဲဒီသက်ဆိုင်တဲ့ အဖွဲ့အစည်းကို စာနဲ့ဖြစ်ဖြစ် လူကိုယ်တိုင်သွားတွေ့ဆုံပြီးဖြစ်ဖြစ် ဖြေရှင်းတာက သူ့ရဲ့ဖြေရှင်းနည်းအမှန်လို့ ကျနော်အဲလိုမြင်တယ်”

ထို့ကြောင့် ယခုပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲသည် ပြဿနာကို ဖြေရှင်းရာမရောက်ပဲ ပြဿနာကို ပိုမိုကြီးထွားလာစေနိုင်သည် ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ဆက်ပြောသည်။

“ဒါမျိုးဆန္ဒပြတာက သူကနိုင်ငံရေးနဲ့ သူကတစ်မျိုးဆက်နွယ်သွားတာပေါ့နော သူကတစ်ချို့ဟာတွေကျတော့ ပိုပြီးတော့ အထင်အမြင်လွဲမှားမှုတွေ ပိုပြီးတော့ ကြီးထွားလာစေနိုင်တယ်။ တစ်ချို့ဟာတွေကျတော့ သူကတစ်ချို့အဖွဲ့အစည်းတွေက ဘာတွေက နိုင်ငံရေးအမြတ်ထုတ်ပြီးတော့ RCSS ကို အပုတ်ချလိုတဲ့ ဆန္ဒသဘောမျိုး သက်ရောက်စေတယ်ပေါ့”

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ များပြားလွန်းသည့်အတွက် လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံရွာသားများ ဖမ်းဆီးခံရမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိနေသည့်အပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ရှိနေသည်ဟု တအာင်းလူမှု အဖွဲ့အစည်းများက ပြောသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများ ဖမ်းဆီးနှိပ်စက်မှု ရပ်တန့်ရေး ဒို့အရေး၊ တိုက်ပွဲအတွင်း ဒေသခံပြည်သူများကို ဓားစာခံအဖြစ် အသုံးပြုခြင်း ရပ်တန့်ရေး ဒိုအရေး၊ ကျေးရွာ အတွင်း တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ရေး ဒို့အရေး၊ RCSS မှ မန်လီရွာသား ၁၂ ဦးအပါအဝင် ဖမ်းဆီးခံရသည့် နမ္မတူဒေသခံများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ ဖမ်းဆီးခံထားသည့် ရွာသားများအား ချက်ချင်းလွှတ် ချက်ချင်းလွှတ် အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အနယ်နယ်အရပ်ရပ်မှ တအာင်းပြည်သူများ၊ ဖမ်းဆီးခံရွာသားများ၏ မိသားစုဝင်များ၊ တအာင်းအရပ်ဖက် လူမှု့အဖွဲ့အစည်းများ စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။