မွန်ပြည်သစ်၏ မူးယစ်တိုက်ဖျက်ရေး ပြည်နယ်အစိုးက ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ၏ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများကို မွန်ပြည်နယ် အစိုးရက ကန့်ကွက်စာ ပေးပို့ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
မူးယစ်ဆေးဝါး ရောင်းချသူများကို မွန်ပြည်သစ်ပါတီက ဖမ်းဆီး အရေးယူမှုအပေါ် ပြည်နယ်အစိုးရက ကန့်ကွက်ခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရ ပေးပို့သည့် ကန့်ကွက်စာထဲတွင် မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ပါ သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရေး၊ နယ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် ရေးသားထားသည်ဟု ပြောသည်။
အဆိုပါကန့်ကွက်စာအား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေ ထွဋ်ဦးက လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
ထိုကန့်ကွက်စာနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏ သဘောထားမှာ “မူးယစ်ဆေးဝါးက ကျနော်တို့ မွန်ပြည် နယ်မှာ လူငယ်တွေကို အများကြီး ဖျက်ဆီးနေတယ်။ ဒါကို အစိုးရဘက်ကလည်း သိတယ်။ ကျနော်တို့က တော့ ကျနော်တို့ဘက်မှာ အပြည့်အဝဖမ်းတယ်။ ဒါပေမယ့် တခါတလေ အပြင်ကနေ ဝင်လာတာလဲရှိနေတာပေါ့။ ဒီကိစ္စ က နယ်မြေနည်းနည်းကျော်လို့ ဖမ်းတဲ့ဥစ္စာက နားလည်ပေးသင့်တယ်။ ဘာကြောင့်ဆိုတော့ ဒါ အန္တရာယ်ကို ကာ ကွယ်တာပဲ။ ကိုယ့်ပြည်သူတွေအားလုံးကို တစ်ဖက်က ကာကွယ်နေတာ” ဟု မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် သတင်းအရ ရံဖန်ရံခါ နယ်မြေအပြင်ဘက်တွင် သွား ရောက်ဖမ်းဆီးရသည့်အနေအထားများရှိကြောင်း ၎င်းအပေါ် အစိုးရအနေနှင့် သဘောထားကြီးရန်လိုကြောင်း သို့မှသာ မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်နိုင်မည်လည်း နိုင်ဟံသာ က ဆက်ပြောသည်။
“ကျနော်တို့လူတွေလည်း ဖမ်းလို့ရနိုင်တဲ့နေရာမှာ အဆင်ပြေသလို ဖမ်းရတဲ့အနေအထားမျိုးတော့ရှိတယ်။ ဒါပေ မယ့် အစိုးရဘက်က ဒီလိုကန့်ကွက်နေရင် ဒါကတော့ သွားပြီးတော့ ညှိနှိုးရမှာပေါ့။ ဆွေးနွေးရမှာပေါ့။ ဒီကိစ္စမှာ နည်းနည်း သဘောထားကြီးဖို့တော့လိုတယ်။ လမ်းကျယ်ကျယ်ဖွင့်ထားဖို့လိုတယ်။ ဒါမှ ဒီကိစ္စကို ကာကွယ်နိုင်မယ်။”
ဖမ်းဆီးရမိထားသူများကိုလည်း ဥပဒေအရ အရေးယူနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အမြန်အပ်နံှပေးရန် ပြည်နယ်အစိုးရ ကန့်ကွက်စာတွင်ပါရှိနေသည့်အပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်နယ်အစိုးရနှင့် ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူများကို အရေးယူဖို့လိုအပ်ကြောင်း ပြောသည်။
မွန်ပြည်သစ်ပါတီသည် ပြည်နယ်အတွင်း များပြားလာနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို မတ်လဆန်းပိုင်းမှစ၍ ုဖမ်းဆီးအရေးယူသည့်အစီအစဉ်ကို အရှိန်မြှင့် ဆက်တိုက်လုပ်ဆောင်လာခဲ့ုခြင်း ဖြစ်သည်။
၎င်းအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် မွန်ပြည်သူများ ပူးပေါင်းပါဝင်ပေးရန်နှင့် မူးယစ်ဆေးဝါး သတင်းရရှိပါက သက်ဆိုင်ရာခရိုင်သို့ အကြောင်းကြားပေးရန် မွန်ပြည်သစ်ပါတီက တိုက်တွန်း နှိုးဆော်ထား သည်။
မတ်လဆန်းပိုင်းမှ ယနေ့ချိန်ထိဆိုလျှင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၀ ဦးကျော် ဖမ်းဆီးရမိထားသည့် အပြင် သုံးစွဲသူနှင့် ဘိန်းစာရွက်ခင်းများကိုလည်း ဖျက်ဆီးနိုင်ခဲ့သည် ဟု မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျှင် ရောင်းဝယ်သူများကို အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကိုလည်းကောင်း၊ သုံးစွဲသူများကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လနှင့် ငွေဒဏ်တို့ဖြင့် လည်းကောင်း အရေးယူမည်ဟုလည်း ထုတ်ထားပြန်သည်။